
ဇန်နဝါရီလကုန်ပိုင်းက အတက်ဘက်ကို ပြန်ဦးတည်ခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းဟာ လက်ရှိမှာတော့ ပြန်လည် ကျဆင်းနေပါတယ်။
ပြည်တွင်း ငွေလဲကောင်တာတွေမှာ အရင်လက အမေရိကန် တဒေါ်လာကို ကျပ် ၄,၁၀၀ ကျော်အထိ တက်သွားခဲ့ပေမဲ့ အခုတော့ ဝယ်ဈေး ကျပ် ၃,၉၇၀၊ ရောင်းဈေး ကျပ် ၄,၀၆၀ ဝန်းကျင်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။
ငွေလဲလုပ်ငန်း လုပ်ကိုင်သူတယောက်က “ဒေါ်လာဈေးက ပြန်တက်တော့ မလိုနဲ့ ဒီရက်ပိုင်း နည်းနည်းချင်း ပြန်ကျလာတယ်" လို့ ပြောပါတယ်။
ဒီလို ပြန်ကျလာတာက သွင်းကုန်တွေကို တင်းကျပ်ထားတာကြောင့် ဒေါ်လာလိုအပ်ချက် လျော့လာတဲ့ တချက် ရှိသလို၊ နောက်တချက်ကတော့ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ပြည်ပရောက် အလုပ်သမားတွေဆီက နိုင်ငံခြားငွေတွေကို ပြည်တွင်း ပြန်စီးဆင်းလာအောင် လုပ်ပြီး ဒေါ်လာဈေးကို ထိန်းချုပ်လိုက်တာကြောင့်ဖြစ်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ် ပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်ကလည်း ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ သန်း ၁,၀၀၀ ကျော် ထုတ်ရောင်းခဲ့ပြီး မကြာသေးခင်ကလည်း သန်း ၃၀ ကျော် ထပ်ထုတ်ရောင်းခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်လာဈေး လှုပ်လာတာနဲ့ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူတွေကို ဖမ်းဆီးအရေးယူတာတွေလည်း လုပ်လေ့ရှိပါတယ်။
အဲဒီလို စစ်ကောင်စီက ဒေါ်လာဈေးကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာဟာ တဒေါ်လာကို ၄,၀၀၀ ကျပ်ဝန်းကျင်မှာ ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။
ဒေါ်လာဈေး အကျဘက် ပြန်ရောက်လာပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ မကျသေးပါဘူး။ ဆေးဝါး၊ လူသုံးကုန်၊ စက်ပစ္စည်းနဲ့ ကားအပိုပစ္စည်းတွေက ပစ္စည်းရှားပြီး ဈေးမြင့်နေတုန်းပါပဲ။ အဓိကက သွင်းကုန်ကန့်သတ်ထားတာကြောင့် ဖြစ်ပါတယ်။
ရန်ကုန်က အငှားယာဉ်မောင်းတယောက်က "ကားပစ္စည်းတွေဆိုရင် အဆပေါင်း မနည်းဘူး တက်သွားတာ။ ဈေးတက်တာတောင် ပစ္စည်းက ရဖို့မသေချာဘူး။ ရှာရဦးမှာ” လို့ ပြောပါတယ်။
တဖက်မှာလည်း ငွေသားထုတ်ယူမှု ကန့်သတ်ချက်တွေကြောင့် ဘဏ်တွေမှာ ငွေလိုသလောက် မထုတ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေ ပြောနေကြပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်လာ၊ ရွှေဈေးကွက်တွေထဲ ကျပ်ငွေ ထုတ်ရင်းနှီးမြှုပ်နှံတာကို အားမပေးကြောင်း ပြောထားပါတယ်။


