
၅၉၉ ဒေါ်လာတန် MacBook Neo ကို Apple က မတ် ၄ ရက်မှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။
ဒါဟာ Apple ထုတ်ကုန်တွေအနက် ဈေးအနည်းဆုံး လက်ပ်တော့ဖြစ်ပြီး ဈေးနှုန်းအလိုက် ဈေးကွက် အပြောင်းအလဲဖြစ်တဲ့ PC ဈေးကွက်မှာ ရွေးချယ်စရာ ပိုများလာမှာ ဖြစ်ပါတယ်။
မန်မိုရီချစ်ပ်ပြားတွေ ရရှိဖို့ ပြိုင်ဘက်တွေ ရုန်းကန်နေရချိန်မှာ Apple က ၅၉၉ ဒေါ်လာတန် လက်ပ်တော့ကို ထုတ်ခဲ့တာပါ။
ဒါဟာ Apple အတွက် PC ဈေးကွက်ထဲမှာ ဈေးအနည်းဆုံး entry အဆင့် လက်ပ်တော့ ထုတ်ကာ ဈေးကွက်ဝင်ရောက်မှုပဲ ဖြစ်ပါတယ်။
MacBook Neo ကို ၂၀၂၄ ခုနှစ်က iPhone 16 Pro မော်ဒယ်မှာ အသုံးပြုခဲ့တဲ့ A18 Pro ချစ်ပ်ပြား အသုံးပြုထားပါတယ်။
MacBook Neo ကို ဗုဒ္ဓဟူးနေ့ကစပြီး ကြိုတင်မှာကြားနိုင်ပြီး မတ် ၁၁ ရက်နေ့မှာ Apple Store တွေမှာ တင်သွားမှာဖြစ်ပါတယ်။
MacBook အသစ်ကို ဒီလိုဈေးချရောင်းတာက ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၂၀ ခုနှစ်တုန်းက M1 Chip ပါတဲ့ MacBook Air ကို ၆၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ဖူးပါတယ်။
MacBook အသစ်ဟာ Google က ထုတ်တဲ့ Chromebooks နဲ့ Window အသုံးပြုတဲ့ ဘတ်ဂျက်နည်း လက်ပ်တော့တွေကို ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ကျောင်းသားတွေနဲ့ Apple ကို ပထမဆုံးဝယ်မဲ့သူတွေအတွက် Apple က ဈေးကွက်ချဲ့ထွင်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အသစ်ထွက်တဲ့ MacBook Neo ဟာ RAM 8 Gb သာ ပါဝင်ပြီး ထပ်တိုးလို့မရတာ၊ MacBook Air ရဲ့ စွမ်းဆောင်ရည် တဝက်လောက်သာရှိပြီး ကြီးမားတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လို့မရတာ၊ Thunderbolt မပါဘဲ USB ပေါက်သာ ပါဝင်တာ၊ External Monitor တလုံးသာ အသုံးပြုခွင့်ပေးထားတာ၊ Touch ID နဲ့ ကီးဘုတ် မီးလင်းတာမျိုးတွေလည်း မပါဝင်တာတွေက အားနည်းချက်တွေလို့လည်း သုံးသပ်သူတွေက ဖော်ပြကြပါတယ်။
Apple ဟာ ၅၉၉ ဒေါ်လာတန် iPhone 17e ကိုလည်း မိတ်ဆက်ခဲ့သလို M5 ချစ်ပ်ပြားအသစ် ပါဝင်တဲ့ MacBook Air နဲ့ Pro တို့ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
Source: Reuters


