Home
နိုင်ငံတကာ
Alphabet က Apple ကို ကျော်တက်ပြီး ဒုတိယ တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာ
DVB
·
January 13, 2026
Photo: REUTERS/Dado Ruvic/Illustration/File Photo

Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ iPhone ထုတ်လုပ်သူ Apple ကို ကျော်တက်ပြီး ဇန်နဝါရီ ၁၂ ရက်က ကမ္ဘာ့ဒုတိယမြောက် တန်ဖိုးအကြီးဆုံးလုပ်ငန်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ဒါဟာ iPhone တိုင်းမှာ ပါဝင်တဲ့ ဒစ်ဂျစ်တယ် အထောက်အကူပြုစနစ် Siri ကို Google ရဲ့ Gemini AI မော်ဒယ်နဲ့အတူ အကြီးစား အဆင့်မြှင့်တင်မှုတွေ ပြုလုပ်မယ်ဆိုပြီး Apple ဘက်က ကြေညာခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီနောက် Alphabet ရှယ်ယာဈေးတွေ ထိုးတက်လာခဲ့ပြီး ပထမဆုံးအကြိမ် ကုမ္ပဏီရဲ့တန်ဖိုးဟာ ဒေါ်လာ ၄ ထရီလီယံအထိ ရောက်လာခဲ့ပါတယ်။

ဒါကြောင့် Alphabet က Nvidia၊ Microsoft နဲ့ Apple တို့ပြီးရင် ဒေါ်လာ ၄ ထရီလီယံ မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့ စတုတ္ထမြောက်ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

ဒီသဘောတူညီချက်ရဲ့ တန်ကြေး ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ နှစ်ဖက်ကုမ္ပဏီတွေက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

Apple ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ “အသေအချာ လေ့လာသုံးသပ်ပြီးတဲ့နောက် Google နည်းပညာဟာ အခြေခံကျတဲ့ မော်ဒယ်တွေအတွက် (Foundation Models) အထိရောက်ဆုံး ပံ့ပိုးပေးနိုင်တယ်” လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း Alphabet ရဲ့ ရှယ်ယာဈေးဟာ ၆၅ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့တဲ့အပြင် ကြီး-၇-ကြီး (Magnificent Seven) အဖြစ် သိထားကြတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေထက်ပါ စွမ်းဆောင်ရည် ပိုပြီးကောင်းမွန်ခဲ့ပါတယ်။

တချိန်တည်းမှာ Alphabet က သူတို့ရဲ့ နောက်ဆုံးပေါ် AI မော်ဒယ်ဖြစ်တဲ့ Gemini 3 နဲ့ သရုပ်ဖော်ပုံတွေ ဖန်တီးပေးနိုင်တဲ့ Nano Banana စနစ်ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။

ဒါ့အပြင် Google ဟာ ကမ္ဘာ့လူသုံးအများဆုံး Search Engine နဲ့ Browser တခုဖြစ်သလို Cloud ဝန်ဆောင်မှုကနေလည်း ဝင်ငွေ ၃၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားတာကို တတိယသုံးလပတ်အတွင်း တွေ့ခဲ့ရပါတယ်။

အခုလိုမျိုး စီးပွားရေးအရ မရေရာ မသေချာမှုတွေနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ Alphabet အတွက် အကြီးမားဆုံးဝင်ငွေ အရင်းအမြစ်ဖြစ်တဲ့ YouTube နဲ့ Google Search လိုမျိုး ကြော်ငြာလုပ်ငန်းအထိ အတော်လေး တည်ငြိမ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013