Home
နိုင်ငံတကာ
အိန္ဒိယတွင် ဒေါ်လာ ၁၅ ဘီလီယံသုံးပြီး AI ဒေတာစင်တာတခု Google ရင်းနှီးမြှုပ်နှံဖွယ်ရှိ
DVB
·
October 15, 2025
Photo: ANI / REUTERS

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံသုံးပြီး အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဟရာပရာဒက်ပြည်နယ်မှာ AI ဒေတာစင်တာ တခု ရင်းနှီးမြှုပ်နှံဖွယ် ရှိပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗစ်ဆားကပ်ပါနမ်ဟာ Google ကနေ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ဖြန့်ကြက်ထားမယ့် ကမ္ဘာ့ဆက်သွယ်ရေး AI စင်တာရဲ့ အစိတ်အပိုင်းတခု ဖြစ်လာဖွယ်ရှိပါတယ်

Google Cloud စီအီးအို သောမတ်ကူရင်က “ဒါက အကြီးမားဆုံး AI ဗဟိုချက်ပါ။ အမေရိကန်နိုင်ငံအပြင်ဘက် တကမ္ဘာလုံးမှာ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။

Google ဟာ လာမယ့် ၅ နှစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြန့်ကြက်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စီအီးအိုက ဒေလီမြို့မှာ ပြောခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ကုမ္ပဏီတွေဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဦးစားပေး ပြုလုပ်ရမယ်လို့ တောင်းဆိုတဲ့အချိန်မှာ ဒီကြေညာချက် ထွက်လာတာပါ။

အိန္ဒိယနိုင်ငံဟာ AI ဒေတာစင်တာရဲ့ အဓိကကျတဲ့နေရာ ဖြစ်လာမှာပါ။ အိန္ဒိယမှာ အကုန်ကျသက်သာမှုနဲ့ အင်တာနက်အသုံးပြုသူ မြန်မြန်တိုးနိုင်မှုတွေက Cloud နဲ့ AI နည်းပညာကို ချဲ့ထွင်နေတဲ့ Google အတွက် ပစ်မှတ်ဖြစ်လာပါတယ်။

ဒီပရော့ဂျက်ဟာ Cloud နဲ့ AI နည်းပညာ သုံးလို့ရမယ့် အခြေခံအဆောက်အအုံတွေကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်နဲ့ ဖိုင်ဘာအော့တစ် ချိတ်ဆက်မှုတွေကိုလည်း ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အန်ဟရာပရာဒက်ပြည်နယ် အစိုးရရဲ့ ၂၀၂၉ ခုနှစ် 6GW ဒေတာစင်တာ အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်တယ်လို့ ဘလွန်းဘတ်က ဖော်ပြပါတယ်။

ဒေတာစင်တာမှာ ရုပ်ဝတ္ထုပစ္စည်းအဖြစ် ကွန်ပျူတာတွေ၊ servers၊  storage systems၊ network equipment နဲ့ routers တွေနဲ့ firewall တို့လို ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းလည်ပတ်ဖို့ လျှပ်စစ်စွမ်းအင်နဲ့ လေအေးပေးစက်တွေ လိုအပ်ပါတယ်။

အန်ဟရာပရာဒက်ပြည်နယ်အစိုးရက မြေနေရာနဲ့ လျှပ်စစ်မီးပေးမယ်လို့ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဒေတာစင်တာလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၅ နှစ်ကတည်းက အလျင်အမြန် ဖွံ့ဖြိုးလာပြီး ၂၀၂၄ ခုနှစ်မှာ ၁ ဂစ်ဂါဝပ်အဆင့်ရှိခဲ့ပြီး ၂၀၁၉ နဲ့ယှဉ်ရင် ၃ ဆနီးပါး တိုးတက်လာတာ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024