Home
နိုင်ငံတကာ
အိန္ဒိယနှင့် ဆက်ဆံရာ၌ ပြည်တွင်းလုံခြုံရေးကို အလေးထားဟု ကနေဒါပြော
DVB
·
October 15, 2025
Photo :Reuters

ကနေဒါဟာ အိန္ဒိယအစိုးရနဲ့ ပိုနက်နက်ရှိုင်းရှိုင်း ဆက်ဆံဖို့ ကြိုးစားနေချိန်မှာ ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးပေးနေတယ်လို့ ထိပ်တန်းဝန်ကြီးတယောက်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

အိန္ဒိယ အကြီးတန်းသံတမန်တွေဟာ ကနေဒါနိုင်ငံထဲမှာ ဆစ်ခ်တက်ကြွလှုပ်ရှားသူတယောက် အသတ်ခံရမှုနဲ့ ဆက်နွှယ်နေတယ်လို့ ကနေဒါအစိုးရက ၂၀၂၃ ခုနှစ်မှာ စွပ်စွဲခဲ့ဖူးပါတယ်။

ကနေဒါ ကုန်ပစ္စည်းတွေအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကို ကိုးကားပြီး ကနေဒါအစိုးရဟာ ကုန်သွယ်ရေးကို ဖြန့်ခွဲဆောင်ရွက်ပြီး ဆက်ဆံရေး တင်းမာနေတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် မာ့ခ် ကာနေးက ပြောပါတယ်။

ကနေဒါရဲ့ ချဉ်းကပ်မှုဟာ ပြည်တွင်း ပြည်သူ့လုံခြုံရေးကို အာရုံစိုက်ခြင်းနဲ့ စတင်ဖို့ အိန္ဒိယကို တရားဝင် ခရီးစဉ်အတွင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး အာနီတာ အာနန်ဒ်က ပြောပါတယ်။

ကနေဒါနိုင်ငံသား ဆစ်ခ်ခွဲထွက်ရေးသမား ဟာဒိ(ပ်) ဆင်းဂ် နတ်ဂျားကို သတ်ဖြတ်ရာမှာ အိန္ဒိယအစိုးရက ပါဝင်ပတ်သက်နေတယ်လို့ အဲဒီတုန်းက ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ပြောခဲ့လို့ အိန္ဒိယနဲ့ ကနေဒါ ၂ နိုင်ငံကြား ဆက်ဆံရေး ၂ နှစ်နီးပါး တင်းမာခဲ့ပါတယ်။

လူသတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကနေဒါရဲ့ စွပ်စွဲချက်တွေကို အိန္ဒိယက ငြင်းဆိုခဲ့ပြီး ကနေဒါ အစိုးရဟာ သူ့မြေပေါ်မှာ ခွဲထွက်ရေးအုပ်စုတွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အာနန်က “နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုတွေကနေ ရာဇ၀တ်ကျင့်ထုံးဥပဒေနဲ့ ကနေဒါမြေပေါ် တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်တာမျိုးကနေ ပြည်တွင်းလူထုကို ပြည်ပ ဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ဖို့ အလွန်အရေးကြီးတယ်လို့ ကျမတို့ ယူဆပါတယ်” လို့ အင်္ဂါနေ့မှာ ရိုက်တာသတင်းဌာနနဲ့ သီးခြားအင်တာဗျူးမှာ ပြောပါတယ်။

အိန္ဒိယနဲ့ ကနေဒါတို့က နှစ်နိုင်ငံဆက်ဆံရေး ပြန်ရှင်သန်ဖို့ တနင်္လာနေ့မှာ သဘောတူခဲ့ပြီး အရေးကြီးတဲ့ ဓာတ်သတ္တုတွေ၊ ကုန်သွယ်မှုနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယဟာ ကနေဒါနိုင်ငံအတွက် ယာယီနိုင်ငံခြားသား အလုပ်သမားတွေနဲ့ နိုင်ငံတကာ ကျောင်းသားတွေရဲ့ ထိပ်တန်းအရင်းအမြစ် ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013