Home
နိုင်ငံတကာ
အိန္ဒိယတွင် ကလေးများ သေဆုံးမှုနှင့်ဆက်နွှယ်သည့် ချောင်းဆိုးပျောက်ဆေး ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီး
DVB
·
October 12, 2025
Photo: REUTERS/Priyanshu Singh

ကလေးငယ် ၂၁ ယောက်ထက်မနည်း သေဆုံးမှုနဲ့ ဆက်နွှယ်နေတဲ့ ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်တဲ့ ဆေးဝါးကုမ္ပဏီတခုရဲ့ ပိုင်ရှင်ကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး မီဒီယာတွေက အစီရင်ခံပါတယ်။

မဒ္ဒယာပရာဒက်ရှ်ပြည်နယ်မှာ လွန်ခဲ့တဲ့လက အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးရည်ကို ညွှန်းပေးခံရပြီးတဲ့နောက် အသက် ၅ နှစ်အောက် ကလေးငယ်အများစု သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေးတွေဟာ မကြာသေးမီနှစ်တွေအတွင်း ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုအောက်မှာရှိလာခဲ့ပြီး ပမာဏအားဖြင့် တတိယအကြီးဆုံး ဆေးဝါးထုတ်လုပ်သူ ဖြစ်လာခဲ့ပေမယ့် နိုင်ငံအများအပြားမှာ သောက်သုံးမှုနဲ့ ဆက်စပ် သေဆုံးမှုတွေကြောင့်၊ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ပါတယ်။ 

အသက် ၇၅ နှစ်အရွယ် ဂျီ ရန်ဂါနာသန် ဟာ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ မဒ္ဒယာ ပရာဒေ့ရှ်ပြည်နယ်၊ ချန်နိုင်းမြို့က သူ့အိမ်မှာ ရဲတွေဖမ်းတာကို ခံခဲ့ရပါတယ်။

သူ့ကို လူသေမှုမှာ တာဝန်ရှိမှုနဲ့ ဆေးဝါးထဲမှာ မကောင်းတဲ့ပစ္စည်း ရောနှောမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP နဲ့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

စရီစံ ဖှာမာကုမ္ပဏီထုတ် ကိုးလ်ဒ်ရစ်ဖ် ဆေးထဲမှာ ခွင့်ပြုတာထက် ဒိုင်အီသလင်း ဂလိုင်ဂေါ အဆ ၅၀၀ ပိုပါတဲ့ ဆေးရည်ကိုသောက်အပြီး ၅ နှစ်အောက် ကလေးတွေအားလုံး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

Coldrif ဆေးအမှတ်တံဆိပ်ကို အောက်တိုဘာ ၂ ရက်က စမ်းသပ်စစ်ဆေးမှုအပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ဒေသခံ ဆေးဝါးအာဏာပိုင်တွေက အဆိပ်သင့်ဆေးတွေ ပြန့်နေတာကို ထိန်းချုပ်ဖို့ ပိုတိုးကြိုးစားနေပြီး ချောင်းဆိုးပျောက်ဆေး နမူနာတွေကို ကျပမ်းစစ်ဆေးနေသလို ပိတ်ပင်ခံ ချောင်းဆိုးပျောက်ဆေးပုလင်းတွေကို တအိမ်တက်ဆင်းပြန်သိမ်း နေပါတယ်။

စစ်ဆေးပြီးတဲ့နောက် ဂူဂျာရတ်ပြည်နယ်အခြေစိုက် Shape Pharma နဲ့ Rednex Pharmaceuticals တို့ကထုတ်တဲ့ ပြည်တွင်းမှာရောင်းတဲ့ တခြားဆေးရည်နှစ်မျိုးဖြစ်တဲ့ Respi fresh နဲ့ RELIFE တို့မှာ တူညီတဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေပါနေတာ တွေ့တဲ့အတွက် ရှောင်ဖို့ အိန္ဒိယအာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

ဥပဒေအရ အိန္ဒိယဆေးထုတ်လုပ်သူတွေဟာ ထုတ်လုပ်တဲ့ ဆေးတသုတ်ချင်းစီရဲ့ ကုန်ကြမ်းနဲ့ နောက်ဆုံးထွက်ကုန်ကို စမ်းသပ်ရမှာပါ။

‘ကမ္ဘာ့ဆေးဆိုင်’ လို့ လူသိများတဲ့ အိန္ဒိယဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံပြီးရင် ပမာဏ ထုထည်အလိုက် တတိယအကြီးဆုံး ဆေးဝါးထုတ်လုပ်သူ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013