
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းရှိ ရူဘာယာ ကိုလ်တန် သတ္တုတွင်းမှာ မတ် ၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် ၇၀ လောက် အပါအဝင် လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ သတ္တုတွင်းကို ထိန်းချုပ်ထားတဲ့ AFC/M23 လက်နက်ကိုင်အဖွဲ့ရဲ့ အဆင့်မြင့်အရာရှိတယောက်ကတော့ အဲဒီမတော်တဆမှုမှာ လူ ၅ ယောက် ဒါမှမဟုတ် ၆ ယောက် လောက်သာ သေဆုံးခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
M23 အရာရှိတယောက်က “အခု ထိခိုက်ပျက်စီးတဲ့နေရာဟာ နယ်မြေလုံခြုံရေးနဲ့ လုပ်သားတွေအတွက် ကာကွယ်ရေးအစီအမံတွေ မလုပ်ဆောင်နိုင်ခင်အထိ လုပ်ငန်းတွေ ဆက်မလုပ်ဖို့ တားမြစ်ထားတဲ့ နေရာတွေထဲက တခု ဖြစ်ပါတယ်။ ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဖြစ်ရတာပါ” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် ၇၀ လောက် ပါဝင်ပြီး ဒဏ်ရာရရှိသူ အများအပြားကိုတော့ မြောက်ကီဗူးပြည်နယ်ရဲ့ ဂိုမာမြို့တော်ပေါ်ရှိ ကျန်းမာရေးဌာနတွေကို ပို့ဆောင်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
M23 ပြောရေးဆိုခွင့်ရှိသူကတော့ အစိုးရရဲ့ သေဆုံးမှုစာရင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ လောလောဆယ် မရရှိသေးပါဘူး။
အခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းက လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ မြေပြိုမှုဖြစ်ပွားပြီး တလအကြာမှာ ထပ်မံဖြစ်ပွားခဲ့တာပါ။
ရူဘာယာနယ်မြေဟာ ကမ္ဘာ့ ကိုလ်တန်သတ္တုရိုင်း ထုတ်လုပ်မှုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာပါ။
ကိုလ်တန်သတ္တုကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ အာကာသယာဉ်အစိတ်အပိုင်းတွေနဲ့ ဂတ်စ်တာဘိုင် တွေ ထုတ်လုပ်ရာမှာ အလွန်အသုံးဝင်တဲ့ အပူဒဏ်ခံနိုင်ရည်မြင့်တဲ့ တန်တလမ်သတ္တုအဖြစ် ပြုပြင် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
Source: Reuters


