
ကွန်ဂိုနိုင်ငံ တောင်ကီဗူးပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီ ၂၀ ရက်က ယူဗီရာမြို့က သုသာန်တခုဆီသွားခဲ့ပြီး အလောင်း ၁၂၀ ကျော်ပါတဲ့ စုပြုံမြှုပ်နှံထားတဲ့ မြေကျင်းတခုကို ရှာတွေ့ခဲ့တယ်လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရဝမ်ဒါ ကျောထောက်နောက်ခံပြု AFC/ M23 သူပုန်တွေက ကွန်ဂိုအရှေ့ပိုင်းမြို့မှာ မကြာသေးမီက ရှိနေချိန်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက စွပ်စွဲခဲ့ပြီး စွပ်စွဲချက်ကို M23 အဖွဲ့က ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။
သတ္တုကြွယ်ဝတဲ့ နိုင်ငံအရှေ့ပိုင်းကို သိမ်းပိုက်ထားတဲ့ M23 သူပုန်အဖွဲ့နဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရတို့ကြား မကြာသေးမီနှစ်တွေအတွင်း ပဋိပက္ခတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။
M23 အဖွဲ့ရဲ့ လှုပ်ရှားမှုအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ အခုခရီးစဉ် ပေါ်ပေါက်လာတာပါ။ M23 အဖွဲ့ဟာ ယူဗီရာ အပါအဝင် မြောက်နဲ့ တောင်ကီဗူးပြည်နယ်တွေက အဓိကမြို့တွေကို ခဏသိမ်းပိုက်ခဲ့ပါတယ်။
ကင်ရှာဆာ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံအစိုးရ အများအပြားက ရဝမ်ဒါဟာ သူပုန်တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ပြီး ရဝမ်ဒါအစိုးရက ငြင်းဆိုခဲ့ပါတယ်။
သူပုန်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ သင်္ချိုင်းတွေကို ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စစ်ရေးအရ တင်းတင်းကျပ်ကျပ် တပ်ချထားတဲ့ နေရာတွေဆီ သတင်းထောက်တွေက ဝင်ရောက်ခွင့်မရှိဘဲ ကန့်သတ်ခံထားရပါတယ်။
ဒါကြောင့် သတင်းဌာနတွေက အလောင်းတွေရဲ့ နာမည်နဲ့ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
Source: Reuters


