
စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ သံကြိုးလမ်းကျေးရွာရှိ KPO -KTV ဆိုင်မှာ မတ် ၄ ရက် နေ့လယ်ပိုင်းက ဧည့်သည် လူငယ် တယောက်ကို ဆိုင်မန်နေဂျာက သံတုတ်နဲ့ ရိုက်နှက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူမှာ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မှော်ကျေးရွာက မောင်ဘိုဘိုဖြစ်ပြီး ဦးခေါင်းနဲ့ ဇက်ကို သံတုတ်နဲ့ရိုက်ခံရပြီး သေဆုံးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “သေဆုံးသူက KTV ကို သူငယ်ချင်းတွေနဲ့ လာတာ။ KTV ထဲမှာ သီချင်း ဆိုနေရင်း ဆိုင်ဝန်ထမ်း တယောက်ကို မတော်တဆ ထိမိရာကနေ ဆိုင်ဝန်ထမ်းတွေနဲ့ သူတို့အဖွဲ့ စကားများတာ။ ဆိုင်မန်နေဂျာဆိုတဲ့ တယောက်က သံတုတ်နဲ့ရိုက်လို့ လဲကျပြီး သေဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသူကို KPO KTV ဆိုင်ရဲ့ မန်နေဂျာက ဆိုင်ရဲ့အထွက် ခြံတံခါးအဝမှာ ရိုက်နှက်ခဲ့တာဖြစ်ပြီး သွေးထွက် သတိလစ်မေ့မျောနေချိန် တခြားဆိုင်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေက ဆေးရုံပို့ဖို့ ပြောဆိုပေမဲ့ ဆိုင်ပိုင်ရှင်က ခွင့်မပြုဘဲ ထားလိုက်လို့ ပြောဆိုတားမြစ်ထားတာလို့ ဆိုပါတယ်။
ဟိုင်းကြီးကျွန်းမြို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “KTV ဆိုင်ထဲမှာရှိတဲ့ သံတုတ်နဲ့ ရိုက်တာလို့ သိရပါတယ်။ အခုဖြစ်စဉ်ဖြစ်တဲ့ KTV က စစ်တပ်နဲ့ ရဲတွေ အဆိုမယ်တွေနဲ့ ညစဉ်နီးပါး ပျော်ပါးနေတဲ့ KTV ပါ။ လူငယ်တွေအဖို့ ဆင်ခြင်နေသင့်တယ်။ KTV တွေ အများစုက စစ်တပ်နဲ့ ရဲတွေ စံအိမ်ပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ KTV ဆိုင်မန်နေဂျာကို KTV ဆိုင်ပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်ခိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆိုင်ပိုင်ရှင်က စစ်ကောင်စီရဲ့ ဟိုင်းကြီးကျွန်းမြို့ ရဲစခန်းကို လာဘ်ငွေထိုးထားတာကြောင့် သေဆုံးသူမိသားစုနဲ့ သူငယ်ချင်းတွေက ရဲတပ်ဖွဲ့ကို လိုက်လံရှာဖွေ ဖမ်းဆီးအရေးယူပေးဖို့ တိုင်ကြားထားပေမဲ့ အရေးယူတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး KTV ဆိုင်ပိုင်ရှင်နဲ့ ဟိုင်းကြီးကျွန်းရဲတပ်ဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်း နိုင်ခြင်း မရှိပါဘူး။


