
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ပြီးနောက် KTV ကာရာအိုအေ၊ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ အလွန်များလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သိန္နီမြို့ပေါ်မှာ ဟိုတယ်၊ တည်းခိုခန်းတွေ၊ KTV အပါအဝင် ပြည့်တန်ဆာရုံ၊ အနှိပ်ခန်းတွေနဲ့ အစုံအလင် တွဲပြီးသား လက်ရှိ အနည်းဆုံး ၉ ခုလောက် တွေ့နေရပြီလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “သိန္နီမှာ KTV တွေ၊ အနှိပ်ခန်းတွေ အရမ်းများလာတယ်ဆိုတာ ဟုတ်တယ်။ အရင်တုန်းကနဲ့ အခု ဘယ်လောက်ကွာသလဲဆိုရင် ၁၀၂၇ စစ်ဆင်ရေး မဖြစ်ခင်တုန်းက သိန္နီမြို့ပေါ်မှာ ပြည့်တန်ဆာရုံ မရှိဘူး၊ အနှိပ်ခန်းတွေလည်း မရှိဘူး။ ဟိုတယ်တခုနဲ့ ဧည့်ရိပ်မွန် တခုပဲရှိတယ်” လို့ ပြောပါတယ်။
မြို့ပေါ်မှာ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာရုံတွေမှာ ဗီနိုင်း၊ ဆိုင်းဘုတ်တွေပါ ထောင်ထားတာတွေ့ရပြီး အနှိပ်ခန်းနဲ့ ပြည့်တန်ဆာရုံတွေက MNDAA တပ်ဖွဲ့ ထိန်းချုပ်ပြီးနောက်မှ ရှိလာတာဖြစ်တယ်လို့ မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“တရုတ်ရှိတဲ့နေရာ ပြည့်တန်ဆာမရှိရင် မရဘူး ထင်တယ်။ ကြံပဲ လာတင်တဲ့ တရုတ်ကားသမားတွေတောင် ပြည်တန်ဆာမတွေကို ကားပေါ် ခေါ်တင်ထားတဲ့အထိ မရှိမဖြစ်လို ဖြစ်နေတယ်။”
လုပ်ငန်းရှင်အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး တချို့ လုပ်ငန်းရှင်တွေကတော့ MNDAA အရာရှိတွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
အလုပ်သမားဝန်ထမ်းတွေကတော့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ပြည့်တန်ဆာအလုပ်သမတွေ ကတော့ ကချင်ပြည်နယ်နဲ့ အောက်မြန်မာပြည်ဘက်က မိန်းကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
သိန္နီမှာ နေထိုင်တဲ့ လူငယ်တယောက်က “KTV ၄ ခုလောက်တော့ ရှိမယ်။ အနှိပ်ခန်းတွေ များလာတာတော့ ဟုတ်တယ်။ အနှိပ်ခန်း ဝန်ထမ်းတွေက မြန်မာပြည်သားတွေပဲ ဟုတ်တယ်”လို့ ပြောပါတယ်။
တရုတ် လွှမ်းမိုးမှုများလာလို့ ဌာနေ ရှမ်းတိုင်ရင်းသားတွေရဲ့ ယဉ်ကျေးမှုပါ ထိခိုက်လာနိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာနေသူ အမျိုးသားတယောက်ကလည်း ပြောပါတယ်။
သိန္နီမှာ မြို့သေးသေးလေးနဲ့ KTV အရမ်းများလာပြီး ကာစီနို၊ ဂျင်ဝိုင်း၊ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ တွေ ခလုတ်တိုက်လုနီးပါး ထပ်တိုးလာနေသလို ၄ ကောင်ဂျင်၊ ၆ ကောင်ဂျင်လို လောင်းကစားဝိုင်းတွေကိုလည်း နေရာတိုင်းမှာ ဖွင့်တာတွေ့ရတယ်လို့ ဆိုပါတယ်။
သိန္ဓီမြို့ပေါ် လမ်းမဘေးရှိ အိမ်တွေကို တရုတ်နိုင်ငံသားတွေရဲ့ လောင်းကစားနဲ့ KTV တွေဖွင့်ဖို့ ယွမ်ငွေ မက်လုံးပေး MNDAA ဘက်က ငှားရမ်းခိုင်းတာတွေ၊ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေရဲ့ အဆောက်အအုံနဲ့ မလွတ်လို့ မြေယာတွေကို ဖယ်ခိုင်းတာတွေအထိ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ဧပြီလကစ သိန္နီမြို့ပေါ်ရှိ ဈေးဆိုင် ဆိုင်းဘုတ်တွေကို တရုတ်စာနဲ့ မဖြစ်မနေ ပြောင်းရေးခိုင်းပြီး သမိုင်းဝင် သိန္နီဟော်နန်း မုခ်ဦးကိုပါ တရုတ်နဲ့ ပြောင်းရေးလိုက်ကာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးကအစ တရုတ်ပုံစံ သွတ်သွင်းလာပြီး ကွန်မြူနစ်ပုံစံ ကျင့်သုံးလာတာ တွေ့ရလို့ ဒေသခံ ဌာနေတိုင်းရင်းသားတွေကတော့ ဌာနေယဉ်ကျေးမှုတွေပါ ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။


