
မလေးရှားနိုင်ငံ၊ နီဂရီဆီဘီလန်းပြည်နယ်၊ နီလိုင်းမြို့မှာ မြန်မာနိုင်ငံသားဖွင့်ထားတဲ့ KTV ကို ဝင်ရောက်စီးနင်းကာ မြန်မာလုပ်သား ၂၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မလေးရောက် မြန်မာတွေက ပြောပါတယ်။
စက်တင်ဘာ ၆ ရက် ည ၁၂ နာရီဝန်းကျင်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အာဏာပိုင်တွေက KTV ကို ဝင်ရောက်စီးနင်းပြီး အဲဒီမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားလုပ်သားတွေကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာလုပ်သား အမျိုးသမီး ၂၁ ယောက် ဖမ်းဆီးခံခဲ့ကြရတာပါ။
အဖမ်းခံရတဲ့ အမျိုးသမီးတွေထဲက ၁၃ ယောက်ဟာ တရားမဝင်လုပ်သားတွေဖြစ်ပြီး ၈ ယောက်ဟာလည်း နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲ ဆိုင်တာဝန်ခံ အမျိုးသမီး ပါဝင်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှာ လက်ရှိ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က “ဖမ်းခံရတဲ့သူတွေ အခြေအနေကတော့ မသိရသေးဘူး။ လွတ်တော့မလွတ်သေးဘူး၊ ဆိုင်တာဝန်ခံ အမျိုးသမီးလည်း ပါသွားတယ်” လို့ ပြောပါတယ်။
စီးနင်းခံရတဲ့ KTV ဟာ ဖွင့်လှစ်ထားတာ ၄ လဝန်းကျင်သာ ရှိသေးပြီး မလေးရှားနိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။