Home
နိုင်ငံတကာ
ပင်လယ်ကွေ့ဒေသ ရေကြောင်းကုန်သွယ်မှုအားလုံးကို အာမခံပေးမည်ဟု ထရမ့်ပ် ပြော
DVB
·
March 5, 2026
Photo :Reuters

ပင်လယ်ကွေ့ထဲမှာ ခရီးသွားနေတဲ့ ရေကြောင်းကုန်သွယ်မှုအတွက် နိုင်ငံရေးအန္တရာယ်အာမခံနဲ့ ငွေကြေးအာမခံတွေပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးကော်ပိုရေးရှင်းကို အမိန့်ပေးခဲ့ပါတယ်။

လိုအပ်ရင် အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားကတဆင့် သွားမဲ့ ရေနံတင်သင်္ဘောတွေကို လုံခြုံရေးယူပြီး ပို့ပေးနိုင်တယ်လို့ မတ် ၃ ရက်မှာ ပြောလိုက်ပါတယ်။

ဒီကြေညာချက်က အရှေ့အလယ်ပိုင်းမှာ အဓိကရေလမ်းတွေကနေတဆင့် သင်္ဘောတင်ပို့မှုအပေါ် အန္တရာယ်များလာစေတဲ့ ပဋိပက္ခတွေ မြင့်တက်လာနေချိန်မှာ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက် လာတာကို ထိန်းချုပ်ဖို့နဲ့ ရေနံဈေးကွက်တွေကို တည်ငြိမ်စေဖို့ အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး ခြေလှမ်းတွေထဲက တခုဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ စီးပွားရေးသတင်းစကားရဲ့ အဓိကအချက်က အမေရိကန်တွေအတွက် လောင်စာဆီ ဈေးနှုန်းတွေ လျှော့ချပေးပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်း အထောက်အပံ့တွေကို အနှောင့်အယှက် ဖြစ်နေတာကနေ ကာကွယ်ဖို့ ငွေကြေးနဲ့ စစ်ရေးနည်းလမ်းတွေကို သုံးဖို့ ဆန္ဒရှိတယ်ဆိုတာ ညွှန်ပြ နေတာပါ။

ထရမ့်ပ်က “ဘာပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုက ကမ္ဘာဆီ စွမ်းအင်တွေ လွတ်လွတ်လပ်လပ် စီးဆင်းတာ သေချာအောင် လုပ်မယ်၊ နောက်ထပ်လုပ်ဆောင်ချက်တွေ လာဦးမယ်” လို့ လူမှုမီဒီယာ ပို့စ် တခုမှာ ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်တပ်တွေက အီရန်ကို စနေနေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး အရှေ့အလယ်ပိုင်း ရေနံတင် သင်္ဘောတင်ပို့မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့တာပါ။

အမေရိကန်တွေဟာ အချိန်တိုအတွင်း ရေနံဈေးနှုန်းမြင့်လာတာကို ရင်ဆိုင်ရနိုင်ပေမဲ့ စစ်ပွဲပြီးတာနဲ့ ရေနံစျေးနှုန်းတွေက အရင်ထက် ပိုနိမ့်ကျသွားမယ်လို့ ယုံကြည်ကြောင်း ထရမ့်ပ်က သတင်းထောက် တွေကို အင်္ဂါနေ့မှာ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013