Home
နိုင်ငံတကာ
ပင်လယ်နီတွင် ဟူသီသူပုန် တိုက်ခိုက်မှုကြောင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု ထိခိုက်
DVB
·
January 18, 2024
RedSea Houthi_18012024

ပြီးခဲ့တဲ့ နိုဝင်ဘာလောက်ကတည်းက ဆူးအက်တူးမြောင်းနားက ပင်လယ်နီအဝင်ဝ အေဒင်ပင်လယ်ကွေ့နားမှာ ယီမင်နိုင်ငံ အခြေစိုက် ဟူသီသူပုန်တွေက ပင်လယ်ကူး  ကုန်တင် သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်နေခဲ့ပါတယ်။

အီရန်ကျောထောက်နောက်ခံ ဟူသီလက်နက်ကိုင်တွေက ဂါဇာကမ်း‌မြောင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကို မကျေနပ်တာကြောင့် အစ္စရေးပိုင်သင်္ဘောတွေ၊ အစ္စရေးနဲ့ ကုန်စည်ပို့ဆောင်တဲ့ သင်္ဘောတွေကို တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးနဲ့မဆိုင်တဲ့ သင်္ဘောတွေကိုပါ တိုက်ခိုက်လာတာကြောင့် ဥရောပနဲ့ အာရှကြား ကူးသန်းနေတဲ့ ကွန်တိန်နာတင် ပင်လယ်ကူးသင်္ဘောကြီးတွေ၊ ရေနံတင် Tanker သင်္ဘောကြီးတွေရဲ့ အများစုက ဖြတ်လမ်း ဆူးအက်တူးမြောင်းက သွားမယ့်အစား ရေမိုင် ၃,၀၀၀ ကျော် ၄,၀၀၀ လောက် ပိုမောင်းရတဲ့ အာဖရိကတိုက်ကို ပတ်မောင်းရတဲ့ ရေလမ်းကြောင်းကို ရွေးချယ်လာကြရပါတယ်။

ကမ္ဘာ့ရေကြောင်းသွားလာရေးမှာ အရေးကြီးတဲ့ ဆူးအက်တူးမြောင်းမှာ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးရဲ့ ၁၂ ရာခိုင်နှုန်းလောက်ထိ နှစ်စဉ် ဖြတ်သန်းနေရပြီး တနှစ်အတွင်း ကုန်တင်သင်္ဘောအစင်းရေ ၂၂,၀၀၀ ကျော် ဖြတ်သန်းမောင်းနှင်ရပါတယ်။

ဆူးအက်တူးမြောင်းမှာ နေ့စဉ်ဖြတ်သန်းနေတဲ့ သင်္ဘောအရေအတွက်က ၆၈ စင်းလောက်ထိ ရှိခဲ့ပေမဲ့ အခုလို လမ်းကြောင်းပြောင်း မောင်းနှင်မှုကြောင့် နေ့စဉ်ဖြတ်သန်းနေတဲ့ အရေအတွက် ထက်ဝက်လောက် ကျဆင်းသွားတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

သင်္ဘောလမ်းကြောင်းစောင့်ကြည့်တဲ့ စစ်တမ်းတွေအရ ဒီဇင်ဘာလအတွင်း အာရှနဲ့ ဥရောပကြား အဓိကလမ်းကြောင်း အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းနေတဲ့ သင်္ဘောက နေ့စဉ် ၂၃၆ စီးလောက်ထိ ရှိပါတယ်။

ရေကြောင်းသွားလာမှုစာရင်းတွေအရ အာဖရိကတိုက်ဘက်က လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့ရတဲ့ သင်္ဘောပေါင်းက ဇန်နဝါရီ ၁၂ ရက်အထိ ၅၂၄ စင်းရှိခဲ့ပြီး အဲဒီထက် တိုးလာနေမယ်လို့ ခန့်မှန်းကြပါတယ်​။​

ပင်လယ်ကူးသင်္ဘောတစင်းရဲ့ တရက်တာခရီးစဉ် လောင်စာဆီက ပျမ်းမျှ ဒေါ်လာ ၈၅,၀၀၀ လောက်ထိ ရှိပါတယ်။ ဒါကြောင့် ၁၀ ရက်လောက် ပိုမောင်းရတဲ့ ခရီးစဉ်အတွက် လောင်စာဆီဖိုးချည်းပဲ ဒေါ်လာ ၈ သိန်းခွဲလောက်ထိ ပိုကုန်ကျမှာ ဖြစ်ပါတယ်။​

ဒါ့အပြင် ကွန်တိန်နာသင်္ဘောတွေ ခရီးတာရှည်သွားတဲ့အခါမှာ တရက်တိုင်းမှာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလည်း တိုးမြင့်လာကြပါတယ်။

ကွန်တိန်နာသင်္ဘောတစင်းက တနေ့တာမှာ လောင်စာဆီသုံးစွဲမှုက ၄၅ မက်ထရစ် တန်ချိန်လောက်ရှိပြီး ခရီးတာရှည်သွားတဲ့ လမ်းကြောင်းအသစ်ကြောင့် လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုဟာလည်း မက်ထရစ်တန်ချိန် ၄,၅၀၀ ကနေ ၆,၀၀၀ ကျော်ထိ တိုးမြင့်လာပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ပင်လယ်ရေကြောင်း အာမခံကြေးတွေကလည်း စျေးတက်လာတဲ့အတွက် တပတ်တာအတွက် ဒေါ်လာသိန်းနဲ့ချီပြီး ပိုကုန်ကျလာသလို ကွန်တိန်နာ သေတ္တာတလုံးရဲ့ သယ်ယူပို့ဆောင်ခဟာလည်း နှစ်ဆမက တိုးမြင့်လာနေပါတယ်။

တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေကြားမှာ ပို့ဆောင်ပေးနေတဲ့ ပေ ၄၀ ကွန်တိန်နာ သေတ္တာတလုံးရဲ့ သယ်ဆောင်စရိတ်က ဇန်နဝါရီပထမတပတ်က ဒေါ်လာ ၂,၄၀၀ ကနေ ၃ ဆလောက် ခုန်တက်ပြီး ဒေါ်လာ သောင်းဂဏန်းထိ မြင့်တက်လာခဲ့ပါတယ်။​

နောက်ထပ် အကျိုးဆက်တခုကတော့ ဟူသီလက်နက်ကိုင်တွေ တိုက်ခိုက်မှုတွေ ပြင်းထန်လာတဲ့နောက်ပိုင်း နိုင်ငံတကာမှာ လောင်စာဆီစျေးနှုန်း ၄ ရာနှုန်းလောက်ထိ စျေးတက်လာခဲ့ပါတယ်။

ဟူသီသူပုန်တွေ တိုက်ခိုက်မှုနဲ့ ဆူးအက်တူးမြောင်း သင်္ဘောဖြတ်သန်းမှု အခက်အခဲကြောင့် အဓိကအားဖြင့် ဥရောပနဲ့ အာရှနိုင်ငံတွေကြားက ရေကြောင်းကုန်သွယ်ရေးမှာ နေ့စဉ် ဒေါ်လာသန်းပေါင်း ထောင်ပေါင်းများစွာ ထိခိုက်နေတယ်လို့ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအတော်များများရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေအပေါ် သက်ရောက်မှု ဘယ်လောက်ပြင်းထန်လာနိုင်မလဲ ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Photo- Reuters/Veson

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024