Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်အချို့ အရောင်းရပ်ထားရသည်အထိရှိလာ
DVB
·
March 4, 2026

ရန်ကုန်မြို့မှာ စက်သုံးဆီလိုအပ်ချက်မြင့်တက်နေပြီး ဆီဆိုင်အချို့လက်ကျန်မရှိတော့တဲ့အတွက် အရောင်းရပ်ထားရတာတွေ ရှိလာတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

နိုင်ငံတဝန်းမှာ မတ်လ၂ရက်ကစပြီးစက်သုံးဆီအခက်အခဲကို ကြုံတွေ့လာရတာဖြစ်ပြီး မတ်လ၄ရက်မှာ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်အချို့ ဆီပြတ်လပ်မူတွေရှိလာတာလို့ ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှ ယာဥ်ပိုင်ရှင်တယောက်က

" ဆီကားမဝင်သေးလို့ဆိုပြီး အရောင်းပိတ်တဲ့ဆိုင်တွေရှိတယ်။ ဆက်ရောင်းပေးနေတဲ့ဆိုင်တွေမှာဆို ကားတန်းကတမျှော်တခေါ်ကြီး " လို့ ပြောပါတယ်။

စက်သုံးအရောင်းဆိုင်တွေမှာ ဆီဝယ်ဖို့အတွက်ကား၊ ဆိုင်ကယ်နဲ့ ဘေးတွဲတွေတနေကုန်နီးပါးအထိ အချိန်ပေးစောင့်ဆိုင်းကြရ သလို ညအိပ်စောင့်ဝယ်သူတွေလည်းရှိတယ်လို့ ကိုယ်တိုင်ဝယ်ယူခဲ့သူတွေက ဆိုပါတယ်။

အဲဒီလိုဝယ်ယူသူတွေထဲမှာ အမှန်တကယ်လိုအပ်သူတွေအပြင် ပြန်ရောင်းဖို့ဝယ်သူတွေလည်းရှိနေပြီး စက်သုံးဆီဆိုင်အများစုက အကန့်သတ်နဲ့ရောင်းပေးပဲရောင်းပေးတော့တယ်လို့ သူတို့ကပြောပါတယ်။

ရေနံစိမ်းအဓိကထွက်တဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမူတွေကြောင့် စက်သုံးဆီထုတ်လုပ်၊ တင်ပို့ရောင်းချမူကျဆင်းသွားတဲ့အတွက် မြန်မာအပါအဝင်နိူင်ငံတကာမှာစက်သုံးဆီလိုအပ်ချက် ပြဿနာတွေရှိလာတာ ဖြစ်ပါတယ်။

မြန်မာနိူင်ငံမှာ စက်သုံးဆီအခက်အခဲပြဿ နာကို ဖြေရှင်းတဲ့အနေနဲ့ မတ်လ၇ရက်ကစပြီး ပုဂ္ဂလိကပိုင်ကားတွေ အက္ခရာစုံ၊မ အလိုက် တရက်ခြားပဲ မောင်းနှင်အသုံးပြုရမယ်ဆိုပြီး စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ဖြေရှင်းတဲ့နည်းလမ်းမှာ ပြဿနာကိုပြေလည်ဖို့ထက်အခြေအနေပိုရူပ်ထွေးကာ အခက်အခဲတွေထပ်ပြီးကြုံရနိူင်တယ်ဆိုတဲ့ ဝေဖန်မူတွေရှိနေပါတယ်။

လက်ရှိမှာ စက်သုံးဆီဝယ်ယူရခက်တဲ့ပြဿနာမှာ တနေ့တခြားပိုဆိုးလာတာကြောင့် နောက်ဆက်တွဲဖြစ်လာမဲ့ကုန်စျေးနူန်းကြီးမြင့်မူလိုကိစ္စရပ်တွေအတွက် ပြည်သူတွေကြားထဲ စိုးရိမ်မူတွေမြင့်တက်နေ ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိူင်ငံမှာ စက်သုံးဆီ ရက်၄၀ ဖူလုံမူရှိတယ်လို့ မတ်လ ၄ရက်မှာ ထုတ်ပြောလာ ပါတယ်။

မြန်မာနိူင်ငံမှာ တရက်ကို ဓါတ်ဆီ ဂါလန် ၁ဒဿမ၅သန်း၊ ဒီဇယ်ဆီဂါလန် ၁ဒဿ မ၇သန်းနဲ့စုစုပေါင်း စက်သုံးဆီဂါလန် ၃ဒဿမ၇သန်း သုံးစွဲနေတာလို့ဆိုပါတယ်။

လက်ရှိ ဆိပ်ကမ်းမှာ စက်သုံးဆီမချရသေးတဲ့ ဆီတင်သင်္ဘော ၂ စီးဆိုက်ကပ်ထားသလို ဝယ်ယူထားပြီးမချရသေးတဲ့စက်သုံးဆီတင်သင်္ဘော ၁၄စီး မကြာခင်ရက်ပိုင်းအတွင်း ရောက်လာဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။(MM)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013