
ဒီလဆန်းပိုင်းက ပြတ်တောက်ခဲ့တဲ့ အင်တာနက်လိုင်းတွေဟာ ဒီနေ့အထိ ပြန်ကောင်းမလာသေးဘူးလို့ ရန်ကုန်နဲ့ မန္တလေးဒေသခံတွေကပြောပြီး စောင့်ကြည့်ထောက်လှမ်းဖို့ ကိရိယာတွေ တပ်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ကစလို့ ရန်ကုန်မြို့နဲ့ မန္တလေးက အိမ်သုံးဝိုင်ဖိုင်အင်တာနက်လိုင်းတွေ ပြတ်တောက်တာ၊ နှေးကွေးတာတွေ ဖြစ်ခဲ့ပြီး အခုတော့ ပြတ်တောက်တာမျိုးမဟုတ်ဘဲ နှေးကွေးနေတဲ့အပြင် မိုဘိုင်းဒေတာတွေလည်း သုံးလို့ အဆင်မပြေဘူးလို့ သိရပါတယ်။
ရန်ကုန်ဒေသခံတယောက်က “ရွေးကောက်ပွဲနီးလို့တော့ ပြောတယ်။ အကုန်လုံးဖြစ်တာ၊ လိုင်းတွေ အကုန်လုံးဖြစ်တာ၊ ကောင်းတဲ့အချိန် ကောင်းတယ်၊ မကောင်းတဲ့အချိန်ကျရင်လည်း ဘာမှ လုံးဝ သုံးမရဘူး၊ မိုဘိုင်းဒေတာတွေရော၊ ဖိုင်ဘာတွေရော၊ ဝိုင်ဖိုင်တွေရော အကုန်ဖြစ်တာ၊ ညဘက်ဆိုရင် ပိုပြီး သိပ်မကောင်းဘူး၊ ၅ နာရီကနေ ၁၀ နာရီထိဆို ပိုဆိုးတယ်။ ညအိပ်ကာနီး ၁၂ နာရီကျော်တို့ မနက်စောစောလေးတို့ဆို ကောင်းတယ်။ ညလူတွေအကုန်အိပ်ပြီဆို ကောင်းပြီ” လို့ ပြောပါတယ်။
မန္တလေးက ဒေသခံတယောက်ကလည်း လက်ရှိအချိန်ထိ အိမ်သုံးဝိုင်ဖိုင် အင်တာနက်လိုင်းတွေ သုံးလို့ အဆင်မပြေသေးဘူးလို့ဆိုပါတယ်။
“အခုထိ မကောင်းသေးဘူး။ ည ၆ နာရီကနေ ၁၂ နာရီထိဆိုရင် လုံးဝ အဆင်မပြေဘူး။ အဲနောက်ပိုင်းတော့ သုံးလို့ရတယ်။ မိုဘိုင်းဒေတာကတော့ အဲလောက်မဟုတ်ပါဘူး နည်းနည်း အဆင်ပြေတယ်။ ဖိုက်ဘာတွေ ဖြစ်တာ။ ဒါပေမယ့် Mytel fiber ကျတော့ ဘာမှမဖြစ်ဘူး”
ဒီလို အင်တာနက်ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့တာနဲ့ လက်ရှိအချိန်ထိ နှေးကွေးနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာတော့ မရှိပါဘူး။
အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေကတော့ ဒီလိုဖြစ်နေတာတွေက ၃ ပတ်လောက် ကြာမှာဖြစ်ပြီး ဘာကြောင့်ဆိုတဲ့ အဖြေကတော့ ကျေနပ်စရာမရှိပါဘူး။
အင်တာနက်လိုင်းတွေ မကောင်းတာဟာ Internet Gateway (IGW) ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေရဲ့ ပင်လယ်ရေအောက်ဆက်ကြောင်း ဖိုက်ဘာကေဘယ် ချို့ယွင်းချက်ကြောင့်လို့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ပြောဆိုခဲ့တာပါ။
အမှန်တကယ်သာ ပင်လယ်ရေအောက်ဆက်ကြောင်း ဖိုက်ဘာကေဘယ်တွေ ချို့ယွင်းတာကြောင့် ဆိုရင်တော့ အရင်ကဖြစ်ခဲ့တဲ့ ကာလတွေနဲ့ယှဉ်ကြည့်ရင် ဒီလောက်ကြာတဲ့ ပြင်ဆင်မှုရှိခဲ့တာမျိုး မတွေ့ရဘူးလို့လည်း ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
အင်တာနက်သုံးစွဲသူတွေကြား ဒီလို အင်တာနက်လိုင်းတွေ သုံးလို့အဆင်မပြေအောင်၊ နှေးကွေးအောင် လုပ်ဆောင်တာဟာ ရွေးကောက်ပွဲနီးတာကြောင့် တမင်လုပ်ထားတယ်ဆိုတဲ့ သံသယနဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို စောင့်ကြည့်ထောက်လှမ်းဖို့ တရုတ်နည်းပညာ Gedge Networks တွေကို တပ်ဆင်စမ်းသပ်နေတာကြောင့်ဆိုတဲ့ သံသယတွေလည်း ပျံ့နှံ့နေပါတယ်။
မြန်မာအင်တာနက်ပရောဂျက် (MIP) က ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူ ကိုသစ်ဉာဏ်ကတော့ ဒီသံသယ ယူဆချက်တွေဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။
“တရုတ်နည်းပညာ Geedge Networks ရဲ့ နည်းပညာတွေနဲ့ အသုံးပြုနေတယ်ဆိုတာကတော့ သေချာတယ်။ ကျနော်တို့ရထားတဲ့ အထောက်အထား အချက်အလက်တွေ၊ နောက် လက်ရှိဖြစ်တဲ့ အခင်းအကျင်းအခြေအနေ အရကတော့ ဒါသေချာတယ်။ ခုနက ပြောတဲ့ ဒါတွေကို setup လုပ်နေလို့ အင်တာနက်တွေ နှေးနေတာလား၊ ဒါတွေကို စမ်းသပ်နေလို့ အင်တာနက်တွေ နှေးနေတာလားဆိုတာကတော့ အတည်ပြုလို့ မရသေးဘူး။ ဒါပေမယ့် အဲ့ဒီအခြေအနေလည်း ဖြစ်နိုင်တယ်။ ဒီလက်ရှိ နှေးနေတာနဲ့ ပတ်သက်ပြီးတော့ ရထားတဲ့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေအရမှာလည်း ခုနက ဒီနည်းပညာတွေကို တပ်ဆင်နေတယ်ဆိုတဲ့ဟာက ယူဆနိုင်စရာ အကြောင်းရှိတယ်ပေါ့နော်၊ နိုင်ငံရေး အခင်းအကျင်းအရဆိုရင်လည်း စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်း၊ တတိယပိုင်းတွေကလည်း ရှိနေတယ်၊ ဖေဖော်ဝါရီလထဲမှာလည်း ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်တာတို့ ဘာတို့ညာတို့လည်း ဖြစ်နိုင်တယ်ဆိုတော့ အဲဒီကာလတွေအတွက် ကြိုတင်ပြင်ဆင်ပုံရတယ်”
ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အင်တာနက်လွတ်လပ်ခွင့်အတွက် အညွှန်းကိန်း ၂၁ ခုကို တွက်ချက်ကြည့်ရမှာ မြန်မာက ၁၀၀ မှာ ၉ မှတ်ပဲရပြီး အဆိုးဆုံးဆိုတဲ့ အခြေအနေကို တရုတ်နဲ့အတူ ရပ်တည်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights Myanmar က ထုတ်ပြန်ထားပါတယ်။
မြတ်သဇင်


