
စက်သုံးဆီ ချွေတာဖို့ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်တွေကို စုံရက်တွေမှာ စုံနံပါတ်အက္ခရာ၊ မရက်တွေမှာ မနံပါတ်အက္ခယာဉ်တွေသာ မောင်းနှင်ဖို့ စစ်ကောင်စီက သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေးမှာ ပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ စစ်ကောင်စီက အကြောင်းပြပြီး ဒီစနစ်ကို ကျင့်သုံးလာတာ ဖြစ်ပါတယ်။
မတ် ၇ ရက်နေ့ စတင်မဲ့ ဒီစနစ်မှာ အိမ်စီးယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အကျုံးဝင်တယ်လို့ ပါပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်၊ အငှားယာဉ်၊ ဆီသယ်ယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ်တွေကိုတော့ ချွင်းချက်ပေးထားပါတယ်။ ဒါ့အပြင် EV ယာဉ်တွေလည်း နေ့စဉ်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကုန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ နိုင်ငံတွင်း မှတ်ပုံတင်ထားတဲ့ လူစီးယာဉ်အရေအတွက် ၆ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
အဲဒီထဲ ၉၆ ရာခိုင်နှုန်းက ဓာတ်ဆီနဲ့ ဒီဇယ်ဆီသုံး လူစီးယာဉ်တွေ ဖြစ်ပါတယ်။ အများစုက ပုဂ္ဂလိကပိုင်ယာဉ်တွေဖြစ်ပြီး ကိုယ်ပိုင်ယာဉ်က ၅ သိန်းကျော် ရှိပါတယ်။ ဒီအရေအတွက်ထဲ ခရီးသယ်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေတော့ မပါဝင်ပါဘူး။
ပြည်တွင်းမှာ အသုံးပြုတဲ့ စက်သုံးဆီတွေကို ပြည်ပကနေ အဓိက ဝယ်ယူတင်သွင်းနေရတာဖြစ်ပြီး ဒီအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်ကနေ စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေကို သတ်မှတ်ငွေလဲနှုန်းနဲ့ ပြန်ရောင်းချပေးနေတာပါ။ ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လတာအတွင်း စက်သုံးဆီသွင်းတဲ့ ကုမ္ပဏီတွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ပြန်လည်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။


