
ရမည်းသင်းအကျဥ်းထောင်ကနေ မတ် ၂ ရက်မှာ အကျဥ်းသား ၁၀၀ နီးပါး လွတ်မြောက်တယ်လို့ သိရပြီး လွတ်ငြိမ်းစာရင်းပါသူတွေ မလွတ်တာလည်းရှိတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ခုက ၅၂(က) နဲ့ ၅၀(ည) အမှုကြီး ၂ ခု ဖြုတ်ပေးတာ၊ ဘာတွေ ဘယ်လို လွှတ်ပေးနေလဲ မသိဘူး။ အမှုတူတာတောင် မလွတ်သူတွေ အများကြီးကျန်တယ်။ TV မှာ ကြေညာသလိုဆို လွတ်စာရင်းမှာ ပါသူတွေရှိတယ်။ တကယ်တော့ မလွတ်ဘူး။”
လွတ်မြောက်သူ ၉၃ ယောက်ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပြီး နိုင်ငံရေးအကျဥ်းသား အရေအတွက် ဘယ်လောက်ပါဝင်တယ် ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဥ်းသားတယောက်ရဲ့ မိခင်က “လွတ်မဲ့စာရင်း ပါမယ်ဆိုလို့ အဝေးကြီးကနေ သားလေး အလွတ်ကို သွားစောင့်နေတာ၊ ညနေအထိ စောင့်နေရင်း ဆိုင်ကယ်ကယ်ရီသမားနဲ့ ကိုယ်ပဲ ကျန်တယ်။ လွတ်တဲ့အထဲ မပါဘူးဆိုလို့ ပြန်လာခဲ့ရတယ်” လို့ ပြောပါတယ်။
PPNM ရဲ့ စာရင်းအရ မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ အကျဥ်းသူ/သား ၃,၆၁၃ ယောက် လွတ်မြောက်ပြီး အကျဥ်းသူတွေထက် အကျဥ်းသားလွတ်မြောက်သူ ပိုများတယ်လို့ သိရပါတယ်။
စစ်တပ်က မတ် ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဥ်းသား အယောက် ၇,၃၃၇ ယောက်အပါအဝင် အကျဥ်းသား အယောက် ၉,၀၀၀ ကျော် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကြေညာထားပေမဲ့ တကယ့်လက်တွေ့မှာတော့ အပြည့်အဝမလွတ်မြောက် သေးဘူးလို့ သိရပါတယ်။


