မြန်မာနှစ်ဆန်းတရက်နေ့ စစ်ကောင်စီက အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ အထဲမှာ အန်အယ်လ်ဒီအစိုးရလက်ထက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးကျော်ဝင်း ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုထံက သိရပါတယ်၊
မိသားစုဝင်တယောက်က "မနက်က ထောင်ကဖုံးဆက်လို့တော့ သိနေတာ။ အခုထိတော့ အိမ်မရောက်သေးဘူး။ ညကတော့ လာကြိုမယ်ဆိုတာကိုတော့ မလာနဲ့သူတို့လိုက်ပို့မယ်လို့ ပြောလို့စောင့်နေတာ။ အခု မနက်ပိုင်း ၁၂ နာရီခွဲ အထိတော့ အိမ်ရောက်မလာသေးဘူး။ အဖေက အသက် ၇၅ အထက်မလို့ လွှတ်ပေးတာလို့ပြောတယ်၊ အဲ့ဒီထောင်မှာတော့ စုစုပေါင်း ၁၅ ယောက်လောက် လွှတ်တယ်။ နိုင်ငံရေးအကျဉ်းသားကတော့ တယောက်တည်းပဲလို့တော့ အကြမ်းဖျင်းသိတယ်။ နေပြည်တော်အိမ်ကိုရောက်မှပဲ စိတ်တုံးတုံးချရမှာ" လို့ ပြောပါတယ်။
ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ကောင်စီက အာဏာသိမ်းပြီနောက် ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၄ ရက်မှာ နေပြည်တော် အိမ်ကနေဖမ်းသွားပြီး၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ (၃၁/ဂ)နဲ့ နေပြည်တော် ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။
သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်တို့နဲ့ အမှုတွဲလည်းဖြစ်ပါတယ်။
ဦးကျော်ဝင်းကို နေပြည်တော်ထောင်ကနေ အင်းစိန်ထောင်၊ အင်းစိန်ထောင်ကနေ ရမည်းသင်းထောင်ကို ရွေ့ပြောင်းခံရပြီနောက် ထောင်တွင်း ၂ နှစ်နဲ့ ၂ လ ကျော်နေခဲ့ရကာ လျှော့ရက်တွေနဲ့တွက်ရင်တော့ လွတ်ခါနီးနေပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။