
ချဲလ်ဆီးနည်းပြ လီယန်ရိုဆန်နီယာက စည်းကမ်းပိုင်း ထိန်းသိမ်းလိုက်နာနိုင်ခြင်း မရှိတဲ့ ကစားသမားတွေအနေနဲ့ အသင်းကနေ ထုတ်ပယ်ခံရမဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ပတ်ဒရိုနက်တို အနီကတ် ထပ်ပြခံရလို့ ဒီရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ အနီကတ်အရေအတွက်ဟာ ၉ ကြိမ်အထိ ရှိလာခဲ့တာပါ။
ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ အနီကတ်အရေအတွက် ၇ ကတ်အထိ ရှိလာပြီဖြစ်ပြီး အသင်းဟာ စည်းကမ်းထိန်းသိမ်းမှုဇယားမှာ အောက်ဆုံးကို ရောက်ရှိနေတာပါ။
နည်းပြ ရိုဆန်နီယာက အာဆင်နယ်နဲ့ပွဲမှာ ကိုးလ်ပါးလ်မားနဲ့ အန်ဇိုဖာနန်ဒက်စ် တို့ကို လူစားလဲခဲ့တာဟာ ဒုတိယမြောက် အနီကတ် ထပ်မံမရရှိစေဖို့အတွက် စိုးရိမ်လို့ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အသင်းမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ယဉ်ကျေးမှုတခု တည်ဆောက်ချင်ပြီး မလိုအပ်တဲ့ အမှားတွေ ထပ်မလုပ်ဖို့ ကစားသမားတွေကို တိုက်တွန်းထားတယ်လို့ ပြောပါတယ်။
မှတ်တမ်းတွေအရ ချဲလ်ဆီးဟာ လူစုံ ၁၁ ယောက် ကစားနိုင်တဲ့အချိန်မှာ အနိုင်ရနိုင်ခြေ အလွန်မြင့်မားပေမဲ့ အနီကတ်ပြဿနာကြောင့် ရမှတ်တွေ ဆုံးရှုံးနေရတာဖြစ်ပြီး ရှေ့လျှောက် အသင်းလူစာရင်း ရွေးချယ်ရာမှာ ကွင်းထဲမှာ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကစားသမားတွေကိုပဲ ဦးစားပေးသွားမယ်လို့ နည်းပြ ရိုဆန်နီယာက အတိအလင်း ပြောကြားခဲ့ပါတယ်။


