
စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်ပြင်ပမှာရှိတဲ့ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မီတာခ ၁ ယူနစ်ကို ကျပ် ၉၀၀ ပေးသွင်းနိုင်ပါက ၂၄ နာရီ လျှပ်စစ်မီးရရှိဖို့အတွက် တင်ပြလျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လျှပ်စစ်ဓာတ်အားအသုံးပြုခကို ပြင်ဆင်သတ်မှတ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာခဲ့ပြီး အိမ်သုံး၊ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန် ပြင်ပမှာရှိတဲ့ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မီတာခပြောင်းလဲတဲ့အထိ ပါဝင်ခဲ့တာ မရှိပါဘူး။
စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေထဲမှာ ဖွင့်လှစ်လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေက သီးခြား တိုက်ရိုက်လိုင်းကနေ ၂၄ နာရီ လျှပ်စစ်မီးရရှိမှာဖြစ်သလို မီတာခကိုလည်း ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁ ယူနစ် ၉၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။
စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန် ပြင်ပမှာရှိတဲ့ စက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့က မီတာပြောင်းလဲမှာမဟုတ်ပေမဲ့ ဓာတ်အား ထုတ်လုပ်မှုနဲ့ ဓာတ်အားဖြန့်ဖြူးတာ မနိုင်နင်းရင် ဓာတ်အားဖြတ်တောက်မူ (Load Shed) ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဓာတ်အားဖြတ်တောက်ခံရတာ မဖြစ်လိုဘူးဆိုရင် ၁ ယူနစ် ၉၀၀ ကျပ် ပေးဆောင်ပြီး ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုခွင့် တင်ပြလျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
ရန်ကုန်မြို့က တပိုင်တနိုင် အထည်ချုပ်အိမ်ရုံဖွင့်ထားသူ တယောက်က "ကြေညာချက်ထွက်လာတော့ ၂၄ နာရီ မီးလျှောက်အောင် မီးဖြတ်နေမှာတောင် စိုးရိမ်ရတယ်" လို့ ပြောပါတယ်။
လက်ရှိမှာ အိမ်သုံးမီတာခမှာ မီသုံးစွဲတဲ့အပေါ်မူတည်ပြီး ၁ ယူနစ်ကို ကျပ် ၅၀ ကနေ ၃၀၀ ကျပ်အထိ ကျသင့်ကာ အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းတွေက ၁ ယူနစ်ကို ၂၅၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ပေးဆောင်ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီလျှပ်စစ်စွမ်းအားဝန် ကြီးဌာနက သဘာဝဓာတ်ငွေ့ရည်သုံး (LNG) ဓာတ်အားပေးစက်ရုံတွေကနေ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းသုံးကာ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေအတွက် ၂၄ နာရီလျှပ်စစ် မီးပေးသွားဖို့ ရှိပါတယ်။
အဲဒီ စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေက သီးခြားဓာတ်အားအသုံးပြုမှာဖြစ်တဲ့အတွက် မူလက သုံးစွဲခဲ့တဲ့ ဓာတ်အားလိုင်းကနေ ပိုလျှံလာမဲ့ဓာတ်အားကို အိမ်သုံး နဲ့ အခြားနေရာတွေမှာ သုံးစွဲခွင့်ပိုရလာမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကလည်း အသိပေးထားပါတယ်။
စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်ပြင်ပက စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေအနေနဲ့ အများသုံး ဓာတ်အားစနစ်ကနေပဲ ဓာတ်အားရရှိမှာဖြစ်တဲ့အတွက် ၂၄ နာရီ မီးအသုံးပြုခွင့် လျှောက်တဲ့သူများရင် နေအိမ် နဲ့ အခြားနေရာတွေရဲ့ လျှပ်စစ်မီးရရှိမှု လျော့သွားနိုင်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူအချို့က ဆိုပါတယ်။
အခုလို ဓာတ်အားပေးတဲ့စနစ် ပြောင်းလဲပြီး မီတာခ ပြင်ဆင်သတ်မှတ်တာ စတင်တဲ့ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့က မြို့နယ်အများစုမှာ လျှပ်စစ်မီးအချိန်ပြည့်နီးပါး ရရှိနေပေမဲ့ ရာသီဥတုပူပြင်းလာချိန်မှာ ဓာတ်အား မလုံလောက်မှုကြောင့်ဆိုပြီး မီးပြန်ပြတ်မှာကို စိုးရိမ်ရတယ်လို့ သူတို့က ပြောပါတယ်။


