Home
မြန်မာသတင်း
တရုတ်ပိုင် V Power ဓာတ်အားပေးစက်ရုံ ကျောက်ဖြူမှ ထွက်ခွာ
DVB
·
February 28, 2026
Photo : MOI

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်က တရုတ်အစိုးရပိုင် V Power ဓာတ်အားပေးစက်ရုံ အပြီးအပိုင်ထွက်ခွာတော့မှာဖြစ်တဲ့အတွက် စက်ပစ္စည်းတွေ ရွှေ့ပြောင်းနေပြီလို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်(SEZ)နဲ့ မဟာဓာတ်အားလိုင်းထဲကို လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ တည်ဆောက်ထားတဲ့ V Power ဓာတ်အားပေးစက်ရုံဟာ ပုံမှန်မလည်ပတ်နိုင်တော့သလို တိုက်ပွဲဧရိယာနဲ့ နီးကပ်လာတဲ့အတွက် ကျောက်ဖြူမြို့နယ်က ထွက်ခွာဖို့ အပူတပြင်း ပြင်ဆင် နေကြတယ်လို့ သိရပါတယ်။

ကျောက်ဖြူဒေသခံတယောက်က “V Power စက်ရုံက စက်ပစ္စည်းတွေကို သင်္ဘောတွေနဲ့ ရွှေ့ပြောင်းနေကြပြီ။ စက်ရုံက မလည်ပတ်နိုင်ဘဲ ရပ်ထားရတာ ၂ နှစ်ကျော်ရှိပြီ။ အခုလည်း တိုက်ပွဲဖြစ်နေတဲ့ ၃၂ ရဲတပ်ရင်းက စက်ရုံနဲ့ ၂ မိုင်ကျော် အကွာအဝေးလောက်မှာ ရှိတာကြောင့် ကျောက်ဖြူက အပြီးပိုင်ထွက်ခွာဖို့ လုပ်နေကြတာ။ ကျနော်တို့ သိရသလောက်ဆိုရင် စက်တွေ တောင် သိပ်မရှိတော့ဘူးလို့ ကြားတယ်” လို့ ပြောပါတယ်။

V Power ဓာတ်အားပေးစက်ရုံက စက်ပစ္စည်းအချို့ကို ၂၀၂၅ ခုနှစ် အစောပိုင်းကတည်း ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှာ အားလုံးနီးပါးကို ရွှေ့ပြောင်းနေတာလို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

V Powe ဓာတ်အားပေးစက်ရုံကို NLD အစိုးရလက်ထက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပေမဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဓာတ်ငွေ့ရည် အလုံအလောက် မရတာနဲ့ စစ်ကောင်စီက ပေးရမဲ့ ဓာတ်အားအသုံးပြုခတွေကို မပေးနိုင်တာကြောင့် စက်ရုံ လည်ပတ်မှုကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် CNTIC နဲ့ ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီတို့ ဖက်စပ်ရင်းနှီးမြှုပ်နှံ ထားတဲ့   အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် တန်ဖိုးရှိ V Power သဘာဝဓာတ်ငွေ့သုံးစက်ရုံက လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း မဂ္ဂါဝပ် ၆၀ လောက်ပဲ ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

V Power စက်ရုံတည်ရှိတဲ့ ဂုံးချွန်ကျေးရွာဟာ စစ်ကောင်စီနဲ့ AA တို့ လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အမှတ် ၃၂ ရဲတပ်ရင်းနဲ့ ၂ မိုင်ဝန်းလောက်ပဲကွာဝေးတော့တာဖြစ်ပြီး တိုက်ပွဲ အရှိန်ကြောင့်လည်း စက်ပစ္စည်းရွှေ့ပြောင်းတာကို ပိုပြီး မြန်မြန်လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အမှတ် ၃၂ ရဲတပ်ရင်းအပါဝင် ဓညဝတီ ရေတပ်ဌာနချုပ် အနီးမှာလည်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး အပြန်အလှန်ထိုးစစ်ဆင် တိုက်ခိုက် နေကြပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်အစိုးရရဲ့ BRI စီမံကိန်း၊ SEZ တို့လို့ စီမံကိန်းတွေ တည်ရှိ နေတာကြောင့် နှစ်ဖက်စလုံးကို တိုက်ပွဲတွေ ရပ်ဖို့ တရုတ်အစိုးရ ဖိအားပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013