
ဝုဗ်အသင်းကို ၂ ဂိုး - ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီ တယောက် ပွဲမပြီးခင်မှာတင် စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲက ထွက်ခွာသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်က အာဆင်နယ်၊ မန်စီးတီးတို့နဲ့အတူ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်ခဲ့ပေမဲ့ အခုတော့ ဗီလာတို့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတာပါ။
အမ်မရီကတော့ သူတို့ရဲ့ ချန်ပီယံအိပ်မက် အဆုံးသတ်သွားပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အဆင့် ၅ အတွင်း ဝင်ဖို့သာ အဓိကပန်းတိုင်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဆင့် ၃ နေရာကို ဆက်ထိန်းထားနိုင်ပေမဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၃ ပွဲသာ နိုင်ထားတဲ့ ဗီလာအတွက် ချန်ပီယံလိဂ်ဝင်ခွင့်က စိုးရိမ်စရာ ဖြစ်လာတာပါ။
ဒဏ်ရာရ ကစားသမား များပြားလာတာနဲ့အတူ အဓိကတိုက်စစ်မှူး အိုလီဝတ်ကင်းစ် ဂိုးပေါက် ပျောက်နေတာက ဗီလာကို အတော်လေး ထိုးနှက်နေပါတယ်။
ရှေ့လာမဲ့ ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ မန်ယူတို့လို အင်အားကြီးပြိုင်ဘက်တွေနဲ့ ကစားရမှာဖြစ်သလို ယူရိုပါလိဂ်မှာလည်း လိုင်လီနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီကာလဟာ ဗီလာအတွက် တရာသီလုံးရဲ့ ကံကြမ္မာ အဆုံးအဖြတ်ပေးမဲ့အချိန်ပဲ ဖြစ်ပါတယ်။
Source:Reuters


