Home
မြန်မာသတင်း
မြေပုံမြို့နယ်၌ စစ်တပ်ထုတ် အရက်နှင့် ဘီယာများကို AA ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
February 27, 2026
Photo: APM၊ GEM

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ အာရက္ခတပ်တော် (AA) က ရောင်းချခွင့်ပိတ်ထားတဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကထုတ်တဲ့ အရက်နဲ့ ဘီယာတွေ တရားမဝင် ရောင်းချနေမှုကို အာရက္ခတပ်တော်ရဲ့ ရဲတပ်ဖွဲ့ DLEPS က ဖမ်းဆီးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြေပုံမြို့ပေါ်ရှိ အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို DLEPS တပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်း လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ပြီး ANDAMAN အမှတ်တံဆိပ်ပါ ဘီယာ ၂၄ ဖာ၊ Grand Sherry Cask အရက် ၂၁ ဖာနဲ့ ၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရောင်းချခွင့်ပိတ်ထားတဲ့ တရားမဝင်အရက်တွေကို ရောင်းချတဲ့ ဆိုင်ပိုင်ရှင်တွေကိုလည်း ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်နေတာတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မြေပုံမှာ အခုလပိုင်းအတွင်းမှာ ရောင်းချခွင့်ပိတ်ထားတဲ့ အရက်တွေ၊ ဘီယာတွေနဲ့ မူးယစ်ကုန်တွေ လိုက်လံစစ်ဆေး ဖမ်းဆီးထားတာတွေ ရှိတယ်။ တရားမဝင် ခိုးရောင်းနေတဲ့ စစ်ကောင်စီထုတ် အရက်တွေ၊ ဘီယာတွေလည်း ဖမ်းဆီးရမိထားတာတွေ ရှိတယ်။ ရောင်းချတဲ့ ဆိုင်ရှင်တွေကိုတော့ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတာတွေ ရှိတယ်။”

အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီထုတ် အရက်၊ ဘီယာတွေ၊ မူးယစ်ကုန်တွေနဲ့ ပြည်ပထုတ် အရက်၊ ဘီယာတွေကို ၂၀၂၄ ခုနှစ်ကတည်းက ရောင်းချ၊ သောက်သုံးခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြည်ပနဲ့ ပြည်မက ကုန်သွယ်မှုလုပ်နေကြတဲ့ စီးပွားရေးသမားတချို့က ကန့်သတ် အရက်တွေကို မှောင်ခိုသွင်းနေတာကြောင့် ရခိုင်ပြည်နယ်အတွင်း တရားမဝင် အရက်ရောင်းချမှုတွေ ရှိနေဆဲလို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ အခွန်ရရှိနေမှုကို ဖြတ်တောက်ချင်တာကြောင့် စစ်ကောင်စီထုတ် အရက်၊ ဘီယာ၊ မူးယစ်ကုန်နဲ့ ပြည်ပထုတ် အရက်တွေကို ရခိုင်ပြည်တွင်းက မြို့နယ်တွေမှာ ရောင်းချခွင့်နဲ့ သောက်သုံးခွင့် ပိတ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်တွင်း ဆန်အရက်နဲ့ ဒေသထုတ် အရက်တွေ စနစ်တကျ ထုတ်လုပ်နိုင်တာ မရှိသေးတဲ့အတွက် ရေရှည်မှာ သောက်သုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကျန်းမာရေးအသိုင်းအဝန်းကြား သုံးသပ်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013