Home
မြန်မာသတင်း
မြေပုံမြို့နယ်က လက်ကျန်ရေတပ်စခန်း ရုပ်သိမ်း
DVB
·
June 17, 2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်လာပြီးနောက် မြေပုံမြို့နယ် ကျွန်းသာယာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခဝဲရေတပ်စခန်းငယ်ကို ရုပ်သိမ်းသွားတယ်လို့ မြေပုံဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဇွန်လပထမအပတ်ကတည်းက စစ်ကောင်စီရဲ့ ကျွန်းသာယာရှိ ခဝဲရေတပ်စခန်းကို ရုပ်သိမ်းပြီး ကျောက်ဖြူ၊ ဓညဝတီ ရေတပ်ဌာနချုပ်ကို ပူးပေါင်းသွားတာဖြစ်တယ်လို့ မြေပုံမြို့နယ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“ကျောက်ဖြူမှာ တပ်ရင်းတွေ တိုက်ခိုက်ခံလာရပြီးနောက် ကျွန်းသာယာမှာရှိတဲ့ ခဝဲရေတပ်စခန်းကို စစ်ကောင်စီက ရုပ်သိမ်းသွားတာ ရှိတယ်။ အဓိကတော့ စစ်ကောင်စီ ရေတပ်က ကျောက်ဖြူမှာ လုံးပန်းထုတ်နေရချိန်မှာ ထောက်ပံ့မှုတွေ မပြုနိုင်တော့တာကြောင့် ပါနိုင်တယ်။ နောက် ကျောက်ဖြူမှာ အင်အားတွေ လိုအပ်တာကြောင့်လည်း သွားရောက်ပူးပေါင်းတာလည်း ဖြစ်နိုင်တယ်။ ဒီ ခဝဲစခန်းက ပင်လယ်ပြင်ကို စိုးမိုးဖို့အတွက် စစ်ကောင်စီက အခြေစိုက်စခန်းမျိုး တပ်စွဲထားတာ။ အင်အားကတော့ သိပ်အများကြီး မဟုတ်ဘူး၊ ၄၀ ဝန်းကျင်လောက် နေထိုင်ခဲ့ကြတာ။”

အခု ရုပ်သိမ်းသွားတဲ့ ခဝဲရေတပ်စခန်းဟာ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပင်လယ်ပြင် ငါးဖမ်းထွက်တဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ငွေညှစ်တာတွေကို မကြာခဏ ပြုလုပ်ခဲ့တဲ စခန်းတခုလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြေပုံမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ကျွန်းသာယာကျွန်းမှာ ခဝဲရေတပ်စခန်းတခု ကျန်ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ကျောက်ဖြူမြို့ရှိ အမှတ် ၃၂ ရဲတပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောက်ထပ် တပ်ရင်းတွေဖြစ်တဲ့ ခလရ ၃၄ တပ်ရင်း၊ ခမရ ၅၄၂ တပ်ရင်း၊ ခမရ ၅၄၃ တပ်ရင်းတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို မြို့တော်စစ်တွေမှာလည်း နှစ်ဖက် စစ်ဆိုင်ထားကြတဲ့ အနေအထားမှာ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013