
ကျူးဘားအရပ်သားပြည်သူတွေအတွက် ရည်ရွယ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ၁,၁၉၃ တန်ကို တင်ဆောင်ထားတဲ့ မက္ကဆီကို ရေတပ်ထောက်ပံ့ပို့ဆောင်ရေးသင်္ဘော ၂ စင်းဟာ ဗေရာခရုဇ် ဆိပ်ကမ်းကနေ ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
အေအာရ်အမ် ပါပါလွာပန်နဲ့ အေအာရ်အမ် ဟွာစ်တီကို အမည်ရှိ သင်္ဘောကြီး ၂ စင်း ဆိပ်ကမ်းကနေ ထွက်ခွာလာပုံကို ဒရုန်းနဲ့ ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါတယ်။
မက္ကဆီကို အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ အေအာရ်အမ် ပါပါလွာပန် သင်္ဘောပေါ်မှာ ပဲမျိုးစုံနဲ့ နို့မှုန့်တွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၁,၀၇၈ တန် တင်ဆောင် ထားပါတယ်။
အေအာရ်အမ်ဟွာစ်တီကို သင်္ဘောပေါ်မှာတော့ ပဲ တန်ချိန် ၉၂ တန်နဲ့ တခြားစားသောက်ကုန် တန်ချိန် ၂၃ တန်တို့ ပါရှိပါတယ်။
ဒီသင်္ဘောတွေဟာ ကာရစ်ဘီယံပင်လယ်ပြင်ကို ဖြတ်သန်းပြီး ကျူးဘားကျွန်းနိုင်ငံဆီ ရောက်ရှိဖို့ ၄ ရက်လောက် ကြာမြင့်မှာ ဖြစ်ပါတယ်။
ကျူးဘားနိုင်ငံဟာ လက်ရှိမှာ စီးပွားရေးအခက်အခဲတွေနဲ့ အခြေခံစားသောက်ကုန် ပြတ်လပ် နေတာကြောင့် မက္ကဆီကိုအစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ တွေကို အကြိမ်ကြိမ် ပေးပို့ခဲ့ပါတယ်။
Source:Reuters


