
အယ်လ်မန်ချိုလို့ သိကြတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နေမေစီယို အိုဆေဂွါရာကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စီးနင်းမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက်မှုတွေကြောင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၅ ယောက်နဲ့ ဂိုဏ်းဝင်လို့ သံသယရှိသူ ၃၄ ယောက် အပါအဝင် လူ ၆၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မူးယစ်ဂိုဏ်းသစ္စာခံတွေက ပြည်နယ်တဒါဇင်ကျော်က ၈၅ နေရာမှာ လမ်းပိတ်ပြီး ကားတွေကို မီးရှို့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီအတွက် ပြည်နယ် ၇ ခုမှာ လူ ၇၀ လောက်ကို ဖမ်းထားပြီလို့ မက္ကဆီကို လုံခြုံရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
အယ်လ်မန်ချိုကိုသတ်တဲ့ စစ်ရေးစစ်ဆင်ရေးနေရာမှာ မက္ကဆီကန်စစ်တပ်ကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆက်ပြီး တပ်ချထားရပါတယ်။
အခြေအနေတွေ ပုံမှန်ဖြစ်လာပြီး လမ်းပိတ်တာတွေကို ထိန်းချုပ်နိုင်ပြီလို့ သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက တနင်္လာနေ့အစောပိုင်းမှာ ပြောပါတယ်။
ဒါပေမဲ့ မက္ကဆီကိုအစိုးရဟာ အယ်လ်မန်ချိုရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း (CJNG) ရဲ့ အခြေစိုက်စခန်းရှိရာ ဂျာလစ်စကိုပြည်နယ်မှာ တပ်ဖွဲ့ဝင် ၂,၀၀၀ ချထားခဲ့ပါတယ်။
မက္ကဆီကိုလူမျိုးတွေအပြင် ပြည်နယ်ရဲ့ နာမည်ကြီးကမ်းရိုးတန်းမြို့တွေကို ရောက်နေတဲ့ ခရီးသည်တွေက အကြမ်းဖက်မှုတွေ အမြန်ပျံ့လာတဲ့အပေါ် စိုးရိမ်ပူပန်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ အောက်ဆာကာပြည်နယ်၊ ဂျူချီတန်မြို့က ကျောင်းတကျောင်းရဲ့ အပြင်ဘက်မှာ ကျောင်းကားတစီး မီးလောင်နေခဲ့ပြီး ပြည်နယ်ရဲ့ မြူနီစီပယ် ၄ ခုမှာ မူးယစ်ဂိုဏ်း တိုက်ခိုက်မှုတွေကြောင့် ယာဉ် ၁၄ စီးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အာဏာပိုင်တွေက တီဟွမ်တီပက်ဒေသက ကျောင်းတွေမှာ အတန်းတွေကို ရပ်ဆိုင်းပြီးတဲ့နောက် ကျောင်းတွေကို ပိတ်ထားရပါတယ်။ လမ်းတွေလည်း အများအားဖြင့် လူသူကင်းမဲ့နေတာပါ။
အောက်ဆာကာပြည်နယ်ရှေ့နေ ဘာနာဒို ရိုဒရီဂဲ့ဇ် အလာမီလာက တာဝန်ရှိသူတွေကို တရားစီရင်မယ်လို့ ကတိပြုခဲ့ပြီး ပြည်နယ်ကို စိန်ခေါ်တဲ့ လုပ်ရပ်တွေကို အာဏာပိုင်တွေနဲ့ လုံခြုံရေးအေဂျင်စီတွေက သည်းခံမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
ပြည်ထောင်စုနဲ့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေက လမ်းတွေ လုံခြုံဖို့နဲ့ မီးလောင်နေတဲ့ ယာဉ်တွေကို စစ်ဆေးဖို့ ယာဉ်တန်းတွေနဲ့ ဖြန့်ကြက် ကင်းလှည့်နေခဲ့ပါတယ်။
Source: Reuters


