Home
မြန်မာသတင်း
THA SHU စက်ရုံ၌ လစာတိုးရန် တောင်းဆိုသည့် အလုပ်သမားများကို လူမိုက်ခေါ်ပြီး  ခြိမ်းခြောက်
DVB
·
February 27, 2026

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ဆရာစံလမ်းက THA SHU အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုနေကြတဲ့  အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်က လက်မခံတဲ့အပြင် လူမိုက်တွေခေါ်ကာ ခြိမ်းခြောက်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ဆီက သိရပါတယ်။

အလုပ်သမား ၄၀၀ ‌ကျော်က လုပ်ခတိုးပေးဖို့ ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တောင်းဆို နေတာဖြစ်ပြီး တောင်းဆိုချက်တွေကို အလုပ်ရှင်က လက်မခံတဲ့အပြင် ဓားကိုင်ထားတဲ့ လူမိုက်တွေ ကို ခေါ်ကာ စောင့်ကြည့်ခိုင်းတယ်လို့ ဆိုပါတယ်။

THA SHU အထည်ချုပ်စက်ရုံ အလုပ်သမားတယောက်က “အလုပ်ရှင်က တောင်းဆိုချက်တွေ ဘာတခုမှ မပေးဘူး။ စက်ရုံမှာလည်း အလုပ်ရှင်က လူမိုက်တွေခေါ်ထားပြီး အလုပ်သမားတွေ ဆူရင် ရိုက်မယ်လို့ ခြိမ်းခြောက်နေပါတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ အရင် ဒေးကြေး ၁၁,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် ပေးဖို့၊ အရင် အိုတီကြေး ၁,၉၅၀ ကနေ ၂,၂၀၀ ထိ တိုးပေးဖို့၊ အရင် ရက်မှန်ကြေး ၄၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ် တိုးပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အလားတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ SANYAN OUTDOOR အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဝန်းကျင်ဟာ ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး စက်ရုံတွင်း လုပ်ခလစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ ၄ ရက်မြောက် ဖေဖော်ဝါရီ ၂၆ ရက် ရောက်လာတဲ့တိုင် ညှိနှိုင်းမှု မပြေလည်တဲ့အပြင် အလုပ်သမားတချို့ပါ အလုပ်ထုတ်ခံရတယ်လို့ အလုပ်သမားတွေနဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဖိအားပေးခံရပေမဲ့ ဆက်ပြီး တောင်းဆိုနေကြသလို အလုပ်ရှင်ကလည်း တောင်းဆိုတာတွေ ဆက်လုပ်မယ်ဆိုရင် စက်ရုံပိတ်မယ်ဆိုပြီး ခြိမ်းခြောက် နေတယ်လို့ သိရပါတယ်။

STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက “တရုတ်တွေ ရောက်လာတယ်၊ ဦးစီးတွေလည်း ပါတယ်၊ ညှိဖို့တော့မဟုတ်ပါဘူး၊ သူတို့ပြောတာကို နားထောင်ဖို့ပေါ့နော်၊ အလုပ်သမားတွေက မြို့နယ်အထည်ချုပ်အဖွဲ့အစည်းကို အကူအညီတောင်းထားတယ်။ တိုင်ထားတာဖြစ်တဲ့အတွက် မြို့နယ်အထည်ချုပ်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်ကို ခေါ်မယ်ပြောတော့ ခေါ်ခွင့်မရှိဘူးလို့ ပြောတယ်။ ဟိုနေ့ကလိုမျိုး ၃ လမပြည့်တဲ့သူတွေကို ထုတ်မယ်လို့ သူတို့ပြောလာတဲ့အခါမှာတော့ ဥပဒေမှာက တောင်းဆိုမှုပြုလုပ်နေစဉ် ကာလအတွင်း အလုပ်ထုတ်လို့မရဘူး၊ စက်ရုံပိတ်လို့မရဘူး၊ ဒီဟာကြောင့်မို့ စက်ရုံပိတ်မယ်၊ အလုပ်ထုတ်မယ်ဆိုရင် ဒါ လုပ်ငန်းရှင်ဘက်ကနေ ဥပဒေကို ကျူးလွန်တယ်ပေါ့နော်၊ အဲဒါကြောင့်မို့ သူ့ကို တရားစွဲမယ်၊ တိုင်မယ်၊ နောက်တချက်က ဆန္ဒပြနေတဲ့သူတွေကို ရေဖြတ်တာတို့၊ ခြိမ်းခြောက်တာတို့ ဒါမျိုးတွေကိုလည်း မလုပ်ဖို့ တားမြစ်ထားတယ်။ ဘယ်လောက်ထိ လိုက်နာမယ်၊ မလိုက်နာဘူး ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း စက်ရုံဝန်းအတွင်း အမည်မသိတဲ့ အရပ်ဝတ်နဲ့လူတွေက အလုပ်သမား တွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတဲ့အတွက် အလုပ်သမားတွေအနေနဲ့ စိုးရိမ် ကြောက်လန့် နေတယ်လို့ ဒေါ်မျိုးမျိုးအေးက ဆက်ပြောပါတယ်။

ကုန်စျေးနှုန်းနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာတာကြောင့် အလုပ်သမားတွေဟာ အခုနှစ် ဇန်နဝါရီလကစပြီး စက်ရုံတွေမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုတာတွေ တကျော့ပြန် ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းရှင်အများစုက လုပ်ခတိုးပေးဖို့ ပြတ်ပြတ်သားသား ငြင်းဆန်သလို တောင်းဆိုတဲ့ အလုပ်သမားဟာ ဖိအားပေးတာ၊ ခြိမ်းခြောက်ခံရတာတွေနဲ့ ပြန်ရင်ဆိုင်နေကြရတယ်လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

အဲဒီလို အလုပ်ရှင်တွေက ဥပဒေမဲ့ ဖြေရှင်းတဲ့ လုပ်ရပ်တွေကို သက်ဆိုင်တဲ့ အလုပ်သမားရုံးတွေက မျက်ကွယ်ပြုနေတာကြောင့် အလုပ်သမားအခွင့်အရေး ပိုဆုံးရှုံး ရတယ်လို့ ဆိုပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013