
SANYAN OUTDOOR အထည်ချုပ်စက်ရုံမှာ လုပ်ငန်းရှင်ဘက်က ဖိအားပေးလို့ လုပ်ငန်းခွင် ပြန်ဝင်သွားကြတဲ့သူတွေ ရှိပေမဲ့ ကျန်အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှုတွေ ဆက်လုပ်နေတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂဆီက သိရပါတယ်။
အဲဒီစက်ရုံအလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး စုပေါင်းတောင်းနေတာ ဖြစ်ပါတယ်။
စက်ရုံအလုပ်ရှင်ဘက်က လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုတဲ့သူတွေကို အလုပ်မလုပ်တဲ့နေ့တွေ အတွက် လုပ်ခမပေးဘူး (No Work/ No Pay) လို့ ကြေညာထားသလို ၃ ရက်ပြည့်တဲ့အထိ တောင်းဆိုရင် အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အတွက် ၂ ရက်မြောက်နေ့မှာ လုပ်ငန်းခွင် ပြန်ဝင်သွားသူတချို့ ရှိခဲ့တာလို့ အဲဒီစက်ရုံအလုပ်သမားတယောက်က ပြောပါတယ်။
“ညှိနှိုင်းတဲ့အဆင့် မရောက်သေးဘူး။ ကျန်တဲ့အလုပ်သမားတွေက အဖြေတခုရအောင် မျှော်လင့်ချက်နဲ့ တောင်းဆိုနေတာ။”
SANYAN OUTDOOR အထည်ချုပ်စက်ရုံကို ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၇၀၀ နီးပါးနဲ့ လည်ပတ်နေတာလို့ အဲဒီမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ဆိုပါတယ်။
အလုပ်သမားတွေက တရက်လုပ်ခ ၁၂,၅၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေးကို ၆၀,၀၀၀ ကျပ် ရရှိဖို့နဲ့ ၁၅ ရက်တကြိမ် လုပ်ခရှင်းပေးဖို့၊ အထည်ကြေးနဲ့ ဂရိတ်ကြေး တိုးမြှင့်သတ်မှတ်ပေးဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပြီး အလုပ်ရှင်ဘက်က တောင်းဆိုချက်တခုမှ လိုက်လျောမှာမဟုတ်ဘူးလို့ ပြောဆိုထားကြောင်း အဲဒီသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
စက်ရုံဘက်က တောင်းဆိုမှုလုပ်နေကြတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပေးထားတဲ့ အချိန် ၃ ရက်ဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြည့်မှာဖြစ်ပြီး အဲဒီနေ့မှာ အခြေအနေ တင်းမာမှုတွေ ရှိလာနိုင်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
SANYAN OUTDOOR အထည်ချုပ်စက်ရုံကို ၂၀၂၅ မေလကမှ ဖွင့်လှစ်ထားတာဖြစ်ပြီး စျေးကွက်ဝင် ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Sinsay၊ SNSY OUT WERE၊ SINSAY MENS စတာတွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။


