
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ SANYAN OUTDOOR အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကနေ သိရပါတယ်။
ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ SANYAN OUTDOOR အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ဖေဖော်ဝါရီ ၂၃ ရက်မှာ စက်ရုံဝင်းအတွင်း စုပေါင်းတောင်းဆိုမှုတွေ စတင်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အဲဒီစက်ရုံရှိ အလုပ်သမား ၇၀၀ လောက်က တရက်လုပ်ခ ၁၂,၅၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ရက်မှန်ကြေးကို ၆၀,၀၀၀ ကျပ် ရရှိဖို့နဲ့ ၁၅ ရက်တကြိမ် လုပ်ခရှင်းပေးဖို့၊ အထည်ကြေးနဲ့ ဂရိတ်ကြေး တိုးမြှင့်သတ်မှတ်ပေးဖို့အတွက် တောင်းဆိုထားကြတာလို့ STUM က ထုတ်ပြန်ထားပါတယ်။
SANYAN OUTDOOR စက်ရုံ အလုပ်သမားတယောက်က “လက်ရှိလုပ်ခနဲ့ မလုံလောက်လို့ တောင်းရတာပါ။ အခြေအနေက ထူးမလာသေးဘူး” လို့ ပြောပါတယ်။
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအပေါ် လုပ်ငန်းရှင်ဘက်က တခုကိုမှ မလိုက်လျောနိုင်သလို ၃ ရက်မြောက်အထိ ဆက်တောင်းဆိုနေရင် အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုထားတယ်လို့ ဆိုပါတယ်။
SANYAN OUTDOOR အထည်ချုပ်စက်ရုံကို ၂၀၂၅ မေလကမှ ဖွင့်လှစ်ထားတာဖြစ်ပြီး ဈေးကွက်ဝင် ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Sinsay၊ SNSY OUT WERE၊ SINSAY MENS စတာတွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။


