Home
မြန်မာသတင်း
တရုတ်လုပ်ငန်းရှင်များ အလွန်အကျွံ ရွှေတူးဖော်မှု ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို
DVB
·
February 26, 2026

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက အလွန်အကျွံ ရွှေတူးဖော်နေတာကြောင့် ကူညီဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

မိုးမောက်မြို့ နဲ့ ၁၄ မိုင်အကွာမှာရှိတဲ့ တာပိန်မြစ်တကြောမှာ တရုတ်လုပ်ငန်းရှင်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကနေ စတင် ရွှေတူးဖော်လာကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက အသေးစား ရွှေတူးဖော်မှုသာ လုပ်ကိုင်ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ စက်ယန္တရားကြီးတွေနဲ့ ကြီးကြီးမားမား လုပ်ဆောင်လာကြတယ်လို့ မိုးမောက်ဒေသခံတယောက်က ပြောပါတယ်။

“တာပိန်မြစ်ပေါ်မှာ ရွှေတူးတာကတော့ ကြာပြီလို့ပဲ ပြောရမှာပေါ့နော်။ ၂၀၂၃ လောက်ကတည်းကနေ အသေးစား လက်ကျင်းတွေရော စက်အသေးတွေနဲ့ရော လုပ်နေကြတာ တောက်လျှောက် ဟုတ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ၂၀၂၅ ကုန် ၂၀၂၆။ ၂၀၂၅ ကတည်းကနေ တာပိန်မြစ် ကြိုးတံတားအောက်ဘက်မှာတွေ စက်ယန္တရားကြီးတွေနဲ့ တူးတာတွေ ရှိလာတယ်။ ကြိုးတံတားအထက်ဘက်မှာက အသေးစား ရွှေတူးတဲ့လုပ်ငန်းတွေ ရှိနေပြီးသားပေါ့။ လက်လုပ်လက်စားတွေ၊ လက်ကျင်းတွေ ပြီးတော့ အသေးစားနဲ့ တူးနေတဲ့သူတွေကတော့ ရှိတယ်။ ပြီးကျမှ တံတားအောက်ဘက်မှာ စက်ယန္တရားကြီးတွေနဲ့ တူးတာတွေ ပိုပြီးများလာတယ်။ ပြီးတော့ တံတားအောက်ဘက်က ဘုရား အဲ့ဘက်တကြောတွေမှာက အကြီးစားစက်တွေနဲ့ တူးလာတာ ပိုများတယ်။”

တာပိန်မြစ်ထဲ ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင် ၃ ယောက်က စက်ယန္တရား အများအပြားနဲ့ အဓိက ဦးဆောင်တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်း အများအပြား ပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကစပြီး ရေမှုန်ဖျန်းစက် သုံးဆိုင်းတွေနဲ့ ရွှေစတင်တူးဖော်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလလောက်ကနေ မြေတူးစက်၊ မြေကော်စက်ကြီးတွေအပြင် မြေသယ်ကား အများအပြားတွေနဲ့ တူးဖော်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးမောက်မြို့နယ်ဟာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး တာပိန်မြစ်အနီး နေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာက ပြည်သူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အဲဒီရွှေတူးဖော်မှုကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး KIA/KIO ကို ကန့်ကွက်စာ တင်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိပုံစံအတိုင်း စက်ယန္တရားကြီးတွေနဲ့ ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေ ပြောင်းလဲသွားနိုင်ပြီး လာမဲ့မိုးရာသီကာလမှာ ကျေးရွာတွေ ရေလွှမ်းမိုးသွားမှာကို စိုးရိမ်နေကြပါတယ်။

“ဟုတ်တယ်၊ အရင်က သေးသေးတူးကြတာ။ အခုက အကြီးစားတူးလာကြတော့ မြစ်နားက ရွာတွေ ပျက်စီးမှာစိုးလို့ KIO အစိုးရဆီ စာပို့ထားကြတယ်။‌ ကန့်ကွက်စာတင်ထားကြတာပေါ့။ ဒီမြစ်နားက ရွာအားလုံး ၁၇ ခု လက်မှတ်ထိုးပြီးတော့ပေါ့။ ဆက်ပြီး အကြီးအကျယ် ရွှေတူးရင် ရွာတွေထိမှာ။”

ဒေသခံတွေကတော့ လက်ရှိ တာပိန်မြစ်ဝမှာ လုပ်ဆောင်နေတဲ့ ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ ထိထိရောက်ရောက် ကူညီဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီး ဧရာဝတီမြစ်ထဲ စီးဝင်နေတဲ့မြစ် ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကမ်းတလျှောက်မှာ ရွှေတူးဖော်မှုတွေကြောင့် မလိခ မြစ်ဖျားပိုင်းနဲ့ မေခ မြစ်ဖျားပိုင်းမှာ သာမက မြစ်ရေပျက်စီးမှုနဲ့ သဘာဝ ရေ၊ လေ ပျက်စီးမှုနှုန်းတွေဟာ တနှစ်ထက်တနှစ် ပိုမိုမြင့်တက်လာတာကို တွေ့ရပါတယ်။

ဒေသခံတယောက်က “ရွှေတူးတာတွေက ဘယ်လိုအစီအစဉ်နဲ့ လုပ်ကြလဲမသိဘူး။ ကချင်ပြည်မှာတော့ ရွှေတူးတဲ့ နေရာတွေကတော့ အများကြီးပဲ။ ဟိုဘက် မိုးလဲချောင်း အဲဘက်တကြောမှာရော တူးတာတွေက နေရာအများကြီးပဲ။ တာပိန်မြစ်ပေါ်မှာ တူးတာတွေရော အများကြီးပဲ။ မိုးမောက်မြို့နယ်ထဲမှာ ဆိုရင်‌တော့ အဲဒီလိုနေရာတွေ အများကြီး တူးနေတာ ရှိနေတယ်။ ခွင့်ပြုချက်တွေက ဘယ်လိုလုပ်ကြလဲ မသိဘူး။ တော်တော်များများကတော့ ချောင်းဘေးမှာတွေ တူးနေတာ ဟုတ်တယ်။ ၂၀၂၂-၂၀၂၃ အဲ့ကတည်းကနေ တူးနေကြတာ ဟုတ်တယ်။ တာပိန်မြစ်ပေါ်မှာ တူးတာကတော့ တောက်လျှောက်ပဲ။ တာပိန်မြစ်ရိုးတလျှောက် ဟိုဘက် ဆန်ဂန်တကျော ဒွန်ဘွမ်ဘက်မှာ တရုတ်တွေလုပ်ထားတဲ့ ရေအားလျှပ်စစ်ရှိတယ်။ ရေအားလျှပ်စစ် အောက်ပိုင်းကနေ တောက်လျှောက် မြစ်ကြောင်းတလျှောက် တူးနေတာဟုတ်တယ်။ တာပိန်မြစ်ပေါ်မှာ တူးတာက အဲဒီဘက်မှာ အကြီးစားယန္တရားကြီးတွေနဲ့ တူးတာလည်း ရှိတယ်၊ နောက်ပြီး လက်ကျင်းအသေးစားနဲ့ တူးတာလည်း ရှိတယ်။ ယန္တရားကြီးတွေနဲ့ တူးတာက ရေအားလျှပ်စစ်အောက်ဘက်မှာ စက်ယန္တရားကြီးတွေ ဘက်ဖိုးတွေ ဘာတွေနဲ့ တူးတာရှိတယ်”လို့ ပြောပါတယ်။

မိုးမောက်မြို့နယ်ထဲမှာ အရင်က စစ်အာဏာမသိမ်းခင်တုန်းကလည်း လက်ရှိတူးနေတဲ့ တာပိန်မြစ်ဝရဲ့ အရှေ့ဘက် ၄ မိုင်လောက်အကွာမှာ ရွှေတူးဖော်မှုတွေ ရှိခဲ့ပေမဲ့ အခုလို ဆိုးဆိုးဝါးဝါးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ ဧကထက်ကျော်လွန်ကာ တူးဖော်လာပြီး ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရှိန်အဟုန်မြင့်လာခဲ့တယ်လို့ Myanmar Resource Watch က ထောက်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက် မြစ်ကြီးနားလို မြို့ကြီးက ဗလမင်းထင်တံတား အနီးတဝိုက် အပါအဝင် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွှေတူးဖော်မှုတွေဟာ သိသိသာသာ ဆိုးရွားလာနေပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013