
ကမ္ဘာ့ရွှေဈေး ပြန်တက်လာတာနဲ့အတူ မြန်မာပြည်တွင်း ရွှေဈေးလည်း အတက်ဘက်ကို ဆက်သွားနေပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းအချိန်မှာတော့ ၁ အောင်စကို ဒေါ်လာ ၅,၁၈၀ ဝန်းကျင် ရှိနေပါတယ်။
ကမ္ဘာ့ဈေးတက်လာတာနဲ့အတူ ပြည်တွင်း အခေါက်ရွှေဈေးလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထက် ကျပ် ၄ သိန်းလောက် ပြန်တက်လာပါတယ်။ လက်ရှိမှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၁၀၇ သိန်း ၅ သောင်း ဝန်းကျင်ထိ ရောက်နေပါတယ်။
ဒါပေမဲ့ ဈေးအတက်အကျ မြန်ဆန်နေတာကြောင့် ရွှေဆိုင်အများစုကတော့ အရောင်းအဝယ်ကို ယာယီရပ်ထားကြတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး မသေချာမှုတွေ၊ နိုင်ငံတကာ အစိုးရဘဏ်တွေရဲ့ ရွှေစုဆောင်း ဝယ်ယူနေတာတွေကြောင့် ကမ္ဘာဈေးဟာ အတက်ဘက်ကို အရှန်အဟုန်နဲ့ ရောက်ရှိလာတာဖြစ်ပြီး ပြည်တွင်း ရွှေဈေးကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးပတ်က တကျပ်သားကို ကျပ် ၁၁၈ သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
မြန်မာ့ရွှေစျေးကွက်ကတော့ စစ်ကောင်စီရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းထိန်းချုပ်မှုတွေ၊ ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် အရောင်းအဝယ်တွေ သိသိသာသာ ငြိမ်သက်နေတယ်လို့ ရွှေစျေးကွက်အတွင်းက သိရှိရပါတယ်။


