Home
မြန်မာသတင်း
သံလွင်မြစ်က ရေကို တိုက်ရိုက်မသောက်ရန်နှင့်  ရေနေသတ္တဝါများ မစားရန် IEC သတိပေး
DVB
·
February 25, 2026
Photo: Karen Rivers Watch

အာဆင်းနစ် အဆိပ်ပါဝင်မှု များနေတဲ့အတွက် သံလွင်မြစ်ကရေကို တိုက်ရိုက်မသောက်သုံးဖို့နဲ့ ရေနေသတ္တဝါတွေကို မစားသုံးကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဖေဖော်ဝါရီ ၂၅ ရက်မှာ သတိပေး ထုတ်ပြန်ပါတယ်။

သံလွင်မြစ်ရေနဲ့ မိုလိုချောင်းကရေတွေကို တိုက်ရိုက်သောက်သုံးတာနဲ့ ချက်ပြုတ်ရာမှာ မသုံးစွဲကြဖို့၊ ရေတွေကို ထိတွေ့ကိုင်တွယ်ပြီးရင် သန့်စင်တဲ့ရေနဲ့ ပြန်လည်ဆေးကြောပေးဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် သံလွင်မြစ်အတွင်းက ရေနေသတ္တဝါတွေကို ချက်ပြုတ်စားသောက်တာ မပြုလုပ်ဖို့နဲ့ မဖြစ်မနေ စားသောက်ဖို့လိုရင် ဦးခေါင်းနဲ့ အတွင်းကလီစာတွေကို စားသုံးတာမလုပ်ဖို့ သတိပေးထားပြီး မိုလိုချောင်းအတွင်း ရေနေသတ္တဝါတွေကိုတော့ လုံးဝစားသောက်လို့မရဘူးလို့ ဆိုပါတယ်။

IEC နဲ့ ချင်းမိုင်တက္ကသိုလ်က သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ ကရင်နီပြည်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ရေကို ဓာတ်ခွဲစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုထုတ်ပြန်ချက်ကို အသိပေး တိုက်တွန်းနှိုးဆော်ချက် တစုံတရာ မထုတ်ပြန်မချင်း အများပြည်သူအနေနဲ့ လိုက်နာကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အစီအမံတွေအတိုင်း ပူးပေါင်းပါဝင်ပေးကြဖို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ရှိ သံလွင်မြစ်ရေဟာ အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်ပမာဏဟာ ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော် ပိုများနေလို့ ထိုင်းအာဏာပိုင်တွေက သံလွင်မြစ်ရေ သုံးစွဲတာနဲ့ မြစ်ငါးစားသုံးတာတွေ တားမြစ်ခဲ့ပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင်သိပ္ပံ သုတေသနဌာနရဲ့ အစောပိုင်း လေ့လာချက်အရ သံလွင်မြစ်ရေဟာ အာဆင်းနစ် အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှု အဆင့်ထက် ၅ ဆကျော် ပိုများပြီး ညစ်ညမ်းပျော်ဝင်နေတယ်လို့ သိရှိရတဲ့အတွက် ထိုင်းနိုင်ငံရဲ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက တိုင်းတာစစ်ဆေးမှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

ဒီလို တိုင်းတာစစ်ဆေးမှုတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းက မြေရှားနဲ့ ရွှေမိုင်းတွင်း သတ္တုလုပ်ကွက်တွေကြောင့် ချင်းရိုင်ခရိုင်၊ နမ့်ခုတ်မြစ်နဲ့ မယ်ဆိုင်ချောင်းတွေမှာ အာဆင်းနစ် အဆိပ်သင့်မှုတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံထဲကို စီးဝင်နေတဲ့ သံလွင်မြစ်နဲ့ သောင်ရင်းမြစ် ဆုံရာနေရာကို ချင်းမိုင်တက္ကသိုလ်က ဦး‌ဆောင်ပြီး စစ်ဆေးခဲ့တာလို့ မြစ်ချောင်းအရေး ကာကွယ်စောင့်ကြည့်သူတွေက ဆိုပါတယ်။

ဒီလို စစ်ဆေးတွေ့ရှိချက်ကြောင့် ထိုင်းသဘာဝရင်းမြစ်များနှင့် သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်က သံလွင်မြစ်ရေ အဆိပ်သင့်နေမှုကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့ ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာသတ္တုတွင်းတွေကြောင့် သံလွင်မြစ်နဲ့ မဲခေါင်မြစ်တွေ မြစ်ရေညစ်ညမ်းမှုအပေါ် နှစ်နိုင်ငံ အစိုးရချင်း အရေးတကြီး အရေးယူဆောင်ရွက်သင့်ပြီလို့လည်း ဘန်ကောက် သမာဆက်တက္ကသိုလ်၊ သဘာဝအရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေရေးရာဌာန တွဲဖက်ပါမောက္ခကလည်း တိုက်တွန်းထားပါတယ်။

အာဆင်းနစ် အဆိပ်သင့်မှုဟာ ချက်ချင်းကြီး ရောဂါလက္ခဏာ ပြသမှုမရှိဘဲ ကိုယ်ခန္ဓာအတွင်း ဝင်ရောက်မှု အနည်းအများအပေါ် မူတည်ပြီး ၅ နှစ်ကနေ ၁၅ နှစ်အထိ ကြာမှသာ ရောဂါလက္ခဏာ ပြတတ်တာလည်း ဖြစ်ပါတယ်။

အာဆင်းနစ် အဆိပ်သင့်ရင် အရေပြားပြဿနာတွေ ဖြစ်တတ်ပြီး ဆီးအိမ်၊ ကျောက်ကပ်၊ အဆုတ် ကင်ဆာနဲ့ သွေးကြောရောဂါတွေလည်း ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။

သံလွင်မြစ်ဟာ မြန်မာနိုင်ငံရဲ့ ရှမ်း၊ ကရင်နီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေပြီး မြစ်ကမ်းဘေးတလျှောက်က ပြည်သူတွေဟာ သောက်သုံးရေအတွက် သံလွင်မြစ်ကို အမှီပြု နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013