
ထိုင်ဝမ်အနီးရှိ ကျွန်းပေါ်မှာ SAM ဒုံးကျည်တွေ ၂၀၃၁ ခုနှစ် မတ်လမှာ တပ်ဖြန့်ထားဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ်က ကြေညာခဲ့ပြီးနောက် ယိုနတ်ဂူနီကျွန်းမှာ ဒုံးကျည်တွေ တပ်ဖြန့်ဖို့ ဂျပန်နိုင်ငံ စီစဉ်တဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။
ယိုနတ်ဂူနီကျွန်းဟာ ထိုင်ဝမ်နဲ့ ၆၈ မိုင်အကွာမှာ တည်ရှိတဲ့ကျွန်းဖြစ်ပြီး သာယာတဲ့နေ့တွေဆို လှမ်းမြင်ရနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောဆိုထားပြီး ပြန်လည်ပေါင်းစည်းနိုင်ဖို့ အင်အားသုံး တိုက်ခိုက်မှုမျိုး ပြုလုပ်မဲ့ပုံစံမှာလည်း ရှိနေပါတယ်။
တရုတ်နဲ့ ဂျပန်တို့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် တာကာအိချိ တက်လာပြီးနောက် ၂ နိုင်ငံဆက်ဆံရေး တင်းမာမှု မြင့်လာခဲ့ပါတယ်။
ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ကာကွယ်မှုတွေ ပြုလုပ်မယ်လို့ ပြောထားပါတယ်။ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ပါက မဟာမိတ်ဖြစ်တဲ့ အမေရိကန်လည်း ပါဝင်လာမှာဖြစ်ပြီး ဒေသတွင်း မဟာမိတ်ဖြစ်တဲ့ ဂျပန်လို နိုင်ငံလည်း ပါဝင်လာမဲ့ အခြေအနေရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ တာကာအိချိရဲ့ ပါလီမန်မှာ မှတ်ချက်ပေးခဲ့မှုက တရုတ်နဲ့ ဂျပန် ဆက်ဆံရေး အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် တရုတ်က စစ်သင်္ဘောတွေ စေလွှတ်တာ၊ မြေရှားသတ္တုရောင်းချရေး ထိန်းချုပ်တာ၊ တရုတ်ခရီးသွား ကန့်သတ်တာ၊ ပန်ဒါတွေ ပြန်ယူတာမျိုးအထိတောင် ၂ နိုင်ငံ ဆက်ဆံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။
ယိုနတ်ဂူနီကျွန်းမှာ လက်နက်တပ်ဆင်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ တရုတ်နိုင်ငံက ဂျပန်ကုမ္ပဏီ ၂၀ ကို ကန့်သတ်မှုတွေ ပြုလုပ်ပြီး တရက်အကြာမှာ အခုလို ကြေညာခဲ့တာပါ။
ယိုနတ်ဂူနီကျွန်းမှာ လေယာဉ်တွေ၊ ဒုံးကျည်တွေကို ကာကွယ်နိုင်မဲ့ တာလတ်ပစ် လေကြောင်းကာကွယ်ရေးစနစ်တွေ ထားရှိမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
Source: Reuters


