
အမေရိကန် တရားရုံးချုပ်က သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ အရေးပေါ် အခွန်ကောက်ခံမှုတွေကို ပယ်ဖျက်ပြီးတဲ့နောက် တားမြစ်ချက်တွေ ရှိနေပေမဲ့ သဘောတူထားပြီးသား အကျိုးရှိတဲ့ စည်းကမ်းချက်တွေကို မပြောင်းဖို့ ထိုင်ဝမ်က အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်ဝမ် ဒုတိယဝန်ကြီးချုပ် ချန်လီချွမ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးပွဲတွေကို ဦးဆောင်ခဲ့တဲ့ ချန်က ထိုင်ဝမ်အစိုးရဟာ အမေရိကန်အစိုးရနဲ့ အဆက်အသွယ်ရှိပြီး ပြီးခဲ့တဲ့လက အပြန်အလှန် ကုန်သွယ်ရေးသဘောတူညီချက် ART အပေါ် အခြေခံပြီး နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမဲ့ သဘောတူညီချက်ကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ မကြာသေးမီက ညှိနှိုင်းထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကနေ နောက်မဆုတ်ဖို့ ထရမ့်ပ်က နိုင်ငံတွေကို ဖေဖော်ဝါရီ ၂၃ ရက်မှာ သတိပေးခဲ့ပြီး မလိုက်နာရင် မတူတဲ့ ကုန်သွယ်ရေးဥပဒေတွေအရ ပိုမြင့်တဲ့ အခွန်တွေနဲ့ တုံ့ပြန်မယ်လို့ ပြောခဲ့ပါတယ်။
ထိုင်ဝမ်က သူ့ပို့ကုန်တွေအပေါ် အခွန်ကောက်ခံမှုကို ၂၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အမေရိကန်နဲ့ သဘောတူညီချက် ၂ ခု ချုပ်ဆိုခဲ့တာပါ။
ပြီးခဲ့တဲ့လက သဘောတူညီချက်အရ ထိုင်ဝမ်ကုမ္ပဏီတွေဟာ အမေရိကန်မှာ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ စွမ်းအင်နဲ့ ဉာဏ်ရည်တုဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ထိုင်ဝမ်က နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကို လွယ်ကူချောမွေ့စေဖို့ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ ထပ်မံချေးငွေကို အာမခံမှာပါ။
အခုလမှာ ရထားတဲ့ ဒုတိယသဘောတူညီချက်မှာ အခွန် ၁၅ ရာခိုင်နှုန်းထိ လျှော့ချမှုကို အတည်ပြုခဲ့ပြီး အမေရိကန်ကုန်ပစ္စည်း အားလုံးနီးပါးအပေါ် အခွန်တွေကို ဖယ်ရှားခြင်း ဒါမှမဟုတ် လျှော့ချခြင်းအပြင် သဘာဝဓာတ်ငွေ့လို အမေရိကန်ကုန်ပစ္စည်းတွေကို ဝယ်ယူမှုကို သိသိသာသာ မြှင့်တင်ဖို့ ထိုင်ဝမ်ကို ကတိပြုထားပါတယ်။
Source: Reuters


