Home
မြန်မာသတင်း
ထိုင်းကို အကောက်ခွန်လွတ်တင်ပို့ချိန် ရောက်လာသဖြင့် ပြောင်းဈေး အတက်ဘက်ဦးတည်
DVB
·
February 11, 2026

ထိုင်းနိုင်ငံကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ အစေ့ထုတ်ပြောင်း စတင်တင်ပို့နေပြီဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်မှာ ပြောင်းဆန်ဝယ်ယူမှုတွေ များလာပြီး ဈေးနှုန်းတွေက အတက်ဘက်ကို ဦးတည်လာနေတယ်လို့ ပြောင်းလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

ပြည်တွင်း ပြောင်းဆန်ဈေးအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဖေဖော်ဝါရီ ၉ ရက်က တပိဿာ ကျပ် ၁,၄၉၀ ဝန်းကျင် ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ ကျပ် ၁,၅၂၀ အထိ မြင့်တက်လာပါတယ်။

အခွန်လွတ်တင်ပို့ရာသီ မစခင် ဇန်နဝါရီ နောက်ဆုံးပတ်နဲ့ ယှဉ်ကြည့်ရင် တပိဿာကို ကျပ် ၇၀ ခန့် ဈေးတက်လာတာ တွေ့ရပါတယ်။

ပြည်ပ FOB ပေါက်ဈေးအနေနဲ့လည်း ပြောင်းတတန်ကို အမေရိကန်ဒေါ်လာ ၂၄၀ ကနေ ၂၅၀ ဝန်းကျင်အထိ ရှိနေပြီး အရင်ကာလထက် အနည်းငယ် မြင့်တက်လာပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံထွက် ပြောင်းဆန်ကို ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေက ဝယ်ယူနေဆဲ ဖြစ်ပေမဲ့ ထိုင်းနိုင်ငံကို အကောက်ခွန်လွတ်နဲ့ တင်ပို့နိုင်တဲ့ကာလ ရောက်လာတာကြောင့် ထိုင်းဘက်ကို ဦးတည်ပြီး ဝယ်ယူမှုတွေ ပိုများလာကာ ပြောင်းဈေးတွေ အတက်ဘက်ကို ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ပို့ကုန်ဝင်ငွေအပေါ် ဖြေလျှော့ပေးထားတာကြောင့် ကုန်သည်နဲ့ ဝယ်လက်တွေဘက်က ဈေးပိုပေးဝယ်နိုင်တဲ့ အခြေအနေ ဖြစ်လာပြီး ပြောင်းဈေးကို ထပ်မံ တက်လာစေတဲ့ အချက်တရပ်ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခုနှစ်မှာ အစေ့ထုတ်ပြောင်း အကောက်ခွန်လွတ် တင်သွင်းခွင့်ကာလကို ဖေဖော်ဝါရီလကနေ ဇွန်လအထိ ၅ လသာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

အရင်နှစ်တွေမှာတော့ အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အရ ဖေဖော်ဝါရီလကနေ ဩဂုတ်လကုန်အထိ ၇ လကြာ အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့်အထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013