
ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်ရမယ်ဆိုပြီး ဝန်ဆောင်ခလိမ်ယူသွားတဲ့ အေးဂျင့်ကို ၃ နှစ်ကြာပြီးမှ ထိုင်းနိုင်ငံမှာ ပြန်တွေ့တဲ့အတွက် သံရုံးဆီတိုင်ကြားကာ ငွေပြန်လည်ရယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
မြန်မာအမျိုးသမီးတယောက်ဟာ သူ့ရဲ့ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံမှာ အလုပ်ရဖို့အတွက် ၂၀၂၃ ခုနှစ်တုန်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ Five Star အဆောက်အအုံ ရုံးခန်းဖွင့်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုစီကို ကြားခံအေးဂျင့်ကတဆင့် ဝန်ဆောင်ခ ငွေကျပ် သိန်း ၆၀ (ကျပ် သိန်း ၃၀ နှစ်ကြိမ်) ပေးသွင်းခဲ့ပေမဲ့ သူ့ရဲ့ခင်ပွန်းဟာ ဂျပန်ကို သွားရောက်လုပ်ကိုင်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုပါ အေးဂျင့်ကို ထိုင်းနိုင်ငံမှာ အမှတ်မထင် ပြန်လည်တွေ့ရှိခဲ့လို့ ပေးသွင်းခဲ့ရတဲ့ ငွေကြေးတွေ ပြန်လည်ရရှိဖို့ ကူညီဆောင်ရွက် ပေးစေလိုကြောင်း အဆိုပါ အမျိုးသမီးက အလုပ်သမားသံအရာရှိရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်ကြားမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့် အလုပ်သမားသံမှူးနဲ့အဖွဲ့က သက်ဆိုင်သူတွေကို သွားရောက်တွေ့ဆုံ ညှိနှိုင်းပေးခဲ့တဲ့အတွက် အေးဂျင့်က ကျပ်သိန်း ၃၀ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၂၄,၀၀ဝ ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ပေးချေခဲ့ပြီး ကျန်ငွေကျပ်သိန်း ၃၀ ကို မတ် ၂၀ မှာ ပေးချေဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ဆိုပါတယ်။
ကြားခံအေးဂျင့်နဲ့ ဆက်နွှယ်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတို့ရဲ့ နာမည်ကိုတော့ စစ်ကောင်စီ အလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ဒီတယောက်တည်းတော့ မကဘူးလို့ ယူဆရတယ်လေ။ ဒီလိုမျိုး အလုပ်သမားဘယ်နှယောက်ဆီက ပိုက်ဆံယူထားတာရှိလဲဆိုတာ စစ်ဆေးဖော်ထုတ်သင့်တယ်။ ဒီတမှု တည်းနဲ့ ပြီးသွားတာမျိုး မဖြစ်သင့်ဘူး" လို့ ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ငွေလိမ်လည်မှုတွေက မကြာခဏဖြစ်နေသလို အလုပ်သမားတွေ အနေနဲ့ ကျပ်သိန်းရာနဲ့ချီ နစ်နာဆုံးရှုံးနေကြရတာလို့ အေဂျင်စီလုပ် ငန်းလုပ်ကိုင်နေသူတွေက ဆိုပါတယ်။
အခုနောက်ပိုင်းမှာ တာချီလိတ်လမ်းကြောင်းကနေ ဂျပန်ကိုသွားလို့ရတယ်ဆိုပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်သမားတွေကို လိမ်လည်ပစ်ထားခဲ့တာရှိနေတယ်လို့ ကိုယ်တိုင်လိမ်လည်ခံရသူတွေဆီက သိရပါတယ်။


