Home
နိုင်ငံတကာ
သမ္မတထရမ့်ပ် အချိန်အကြာဆုံးစံချိန်တင် နိုင်ငံတော်အခြေပြမိန့်ခွန်းပြော 
DVB
·
February 25, 2026
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ ဒုတိယသက်တမ်းအတွက် ပထမဆုံး နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဖေဖော်ဝါရီ ၂၅ ရက်က ကွန်ဂရက်လွှတ်တော်မှာ ပြောကြားသွားပါတယ်။

အဲဒီနောက် ထရမ့်ပ်ဟာ ၁ နာရီနဲ့ မိနစ် ၅၀ နီးပါး အချိန်ယူခဲ့တဲ့အလျောက် သမိုင်းတလျှောက် အကြာရှည်ဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါဟာ ၂၀၀၀ ပြည့်နှစ်တုန်းက သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁ နာရီနဲ့ ၂၈ မိနစ်ကျော် ကြာမြင့်ခဲ့တဲ့စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ထရမ့်ပ်က သူ့ဒုတိယသက်တမ်းရဲ့ ပထမဆုံးနှစ်မှာတင် စီးပွားရေးအရ အောင်မြင်မှု ရရှိခဲ့တယ်ဆိုပြီး အနာဂတ်အစီအစဉ်နဲ့ မူဝါဒတွေကို အလေးပေး ပြောဆိုခဲ့တာပါ။

အမေရိကန်စီးပွားရေးအတွက် “ခေတ်တခေတ်စာ ပြောင်းလဲတိုးတက်မှု” ကို ဆောင်ကြဉ်းပေးနိုင်ခဲ့သလို သူ့အစိုးရလက်ထက်မှာ “ရွှေခေတ်” ဆီ ရောက်လာခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောသွားပါတယ်။

အီရန်အရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်က ပြဿနာကို သံတမန်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဟာ ဦးစားပေးဖြစ်ပေမဲ့လည်း နျူကလီးယားလက်နက် အစီအစဉ်တွေတော့ ရပ်တန့်ရမယ်ဆိုပြီး သတိပေးလိုက်ပါတယ်။

“ကမ္ဘာပေါ်က အကြမ်းဖက်သမားတွေကို ရန်ပုံငွေအများဆုံး ထောက်ပံ့ပေးနေတဲ့ နိုင်ငံအတွက် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ဘယ်တော့မှပေးမှာမဟုတ်ဘူး” လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် AI ဒေတာစင်တာ အသစ်တွေအတွက် စွမ်းအင်များစွာ သုံးစွဲရနိုင်တာကြောင့် လိုအပ်မဲ့ လျှပ်စစ်ဓာတ်အားကို နည်းပညာကုမ္ပဏီကြီးတွေက မိမိဘာသာ ထုတ်လုပ်ကြဖို့အတွက်ပါ​ ထရမ့်ပ်က ကြေညာသွားပါတယ်။

ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အဘီဂေးလ် စပန်ဘာဂါ ကတော့ ဒီမိုကရက်ပါတီကိုယ်စား ထရမ့်ပ်ကို တုံ့ပြန်သွားတာ တွေ့ရပါတယ်။

အသက် ၄၆ နှစ်အရွယ် စပန်ဘာဂါက မဲဆန္ဒရှင်တွေအတွက် မေးခွန်း ၃ ခု ရှိပါတယ်ဆိုပြီး “သမ္မတကြီးဟာ စားဝတ်နေရေး စရိတ်သက်သာအောင် လုပ်ဆောင်နေသလား၊ အမေရိကန်ပြည်သူတွေ ပြည်တွင်းရော ပြည်ပမှာပါ လုံခြုံမှုရှိအောင် ကြိုးပမ်းနေသလား၊ သင့်အတွက် သူအလုပ်လုပ်ပေးနေတာ ဟုတ်ရဲ့လား” ဆိုတာတွေပဲ ဖြစ်ပါတယ်​။

အဲဒီမေးခွန်း ၃ ခုစလုံးအတွက် အဖြေဟာ “No ပါ” လို့ ဆိုတဲ့အပြင် အခြေအနေတွေ ပိုပြီးတောင် ဆိုးရွားလာတယ်လို့ပါ ဝေဖန်သွားခဲ့ပါတယ်။

လာမဲ့ နိုဝင်ဘာလမှာ ကျင်းပဖို့ရှိနေတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေ မတိုင်ခင် သဘောထားစစ်တမ်းတွေအရ သမ္မတ ထရမ့်ပ်ဟာ လူကြိုက်များမှု ကျဆင်းနေသလို သူ့မူဝါဒတွေ အပေါ်  ထောက်ခံနှုန်းတွေလည်း လျော့ကျလာတယ်ဆိုပြီး ဖော်ပြထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013