
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားမှာ ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့မနက် ၉ နာရီ ၄၆ မိနစ်လောက်က အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိတဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကတော့ မိုးမောက်မြို့နားမှာ မြေအောက်အနက် ၁ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း မိုးကောင်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်လောက်မှာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်း မိုးလေဝသဌာနကတော့ လိုင်ဇာ၊ လွယ်ဂျယ်နဲ့ ဗန်းမော်မြို့ကြားမှာ မြေအောက်အနက် ၁ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ ဒသမ ၅ အဆင့် ငလျင်လှုပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


