Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်
DVB
·
February 23, 2026
Photo: Malaysian Meteorological Department

မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ   ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၅၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ မိုင် အကွာကို ဗဟိုပြုခဲ့လှုပ်ခတ်ခဲ့ကာ မြေအောက်အနက် ၃၈၅ မိုင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဟာ အလွန်နက်ရှိုင်းတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ USGS က သတ်မှတ်ထားပြီး ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

မလေးရှား မိုးလေဝသဌာနကတော့ ငလျင်ပြင်းအားကို ၆ ဒသမ ၈ လို့ တိုင်းတာခဲ့ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဆာဘားမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ငလျင်ကြောင့် ထိခိုက်မှုဖြစ်စဉ် တစုံတရာ သတင်းပို့ တင်ပြထားတာ မရှိသေးဘူးလို့ Bernama သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ ကိုတာကီနာဘာလူနဲ့ အနီးတဝိုက်က ဒေသခံတွေ၊ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေဟာ စက္ကန့် ၁၀ လောက်ကြာတဲ့ တုန်ခါမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ထိတ်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

အိမ်နီးချင်း စင်ကာပူနိုင်ငံက ဒေသခံတချို့လည်း ငလျင်တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia  သတင်းမှာ ဖော်ပြပါတယ်။

Source: Bernama /CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013