
အမေရိကန်ရေတပ်ရဲ့ ဆေးရုံသင်္ဘောကို ဂရင်းလန်းကျွန်းဆီ လွှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အကြံအစည်ကို ဂရင်းလန်းဝန်ကြီးချုပ် ယန်းစ်-ဖရက်ဒရစ် နီလ်ဆန်က ဖေဖော်ဝါရီ ၂၂ ရက်မှာ ‘မလိုချင်ဘူး’ လို့ ပြောခဲ့ပါတယ်။
ဂရင်းလန်းကျွန်းဟာ ထရမ့်ပ်က သိမ်းပိုက်ချင်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့တဲ့ နယ်မြေတခု ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ ထရမ့်ပ်က မာစီ ဆေးရုံသင်္ဘောကို ဂရင်းလန်းကျွန်းဆီ ပို့ဖို့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ဂရင်းလန်းဆိုင်ရာ အထူးသံတမန် ဂျက်ဖ် လန်ဒရီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ လူမှုမီဒီယာမှာ ပြောခဲ့ပါတယ်။
ဂရင်းလန်းဟာ အမေရိကန်နဲ့ပါ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းဖွင့်ထားဆဲလို့ နီလ်ဆန်က ပြောခဲ့ပါတယ်။
“ဒါပေမဲ့ လူမှုမီဒီယာမှာ ရံဖန်ရံခါ ပေါက်ကွဲသံတွေ ထွက်မဲ့အစား ကျနော်တို့နဲ့ စကားပြောပါ” လို့လည်း သူက ပြောခဲ့ပါတယ်။
အာတိတ်ဒေသထဲက ဂရင်းလန်းကျွန်းအပေါ် ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး NATO ကာကွယ်ရေး မဟာမိတ်အဖွဲ့အတွင်း တင်းမာမှုတွေ လပေါင်းများစွာ ဖြစ်ပွားပြီးတဲ့နောက် နှစ်ဖက်အကြား အကျပ်အတည်း ဖြေရှင်းဖို့ သံတမန်ရေးဆွေးနွေးပွဲတွေကို ဂရင်းလန်း၊ ဒိန်းမတ်နဲ့ အမေရိကန်တို့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ စတင်ဆွေးနွေးခဲ့ပါတယ်။
Source: Reuters


