
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ညသန်းခေါင်ယံက ထိုင်းအရှေ့မြောက်ဒေသ လွေးခရိုင်၊ လွေးမြို့နယ်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပြည်သူတွေ ထိတ်လန့်တုန်လှုပ်မှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့တယ်ဆိုတဲ့ အွန်လိုင်းပေါ်က သတင်းမှားတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ငလျင်စောင့်ကြည့်ရေးစင်တာကရော မိုးလေဝသနဲ့ ဇလဗေဒဌာနကပါ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မနက်မှာ ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
ပြည်သူလူထုအနေနဲ့ ငလျင်လေ့လာရေးဌာနခွဲက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကိုသာ အားကိုးယုံကြည်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
မလေးရှားနိုင်ငံ ဘော်နီယိုကျွန်း၊ ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ဆာဘားပြည်နယ်ရဲ့မြို့တော် ကိုတာကီနာဘာလူမြို့နားမှာ မလေးရှားစံတော်ချိန် ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၁၂ နာရီ ၅၇ မိနစ် လောက်က မြေပြင်အနက် ၆၃၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီနေရာဟာ ထိုင်းနိုင်ငံနဲ့ အလွန်ဝေးကွာပြီး မြေပြင်အနက် ကီလိုမီတာ ၆၀၀ ကျော်မှာ လှုပ်ခတ်တာကြောင့် ထိုင်းနိုင်ငံပေါ် ဘယ်လိုမှ သက်ရောက်မှုမရှိဘူး။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ထိတ်လန့်တုန်လှုပ်စရာမလိုကြောင်းနဲ့ မိုးလေဝသနဲ့ မြေငလျင်ဆိုင်ရာဌာနတွေက တရားဝင်ထုတ်ပြန်တဲ့သတင်းမှန်တွေကိုသာလျှင် ယုံကြည်ဖို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗီယက်နမ်နိုင်ငံမှာလည်း ဒီနေ့မနက် ည ၁၂ နာရီ ၁၄ မိနစ်က မြေအနက် ၁၀ ကီလိုမီတာ (၆ မိုင်ကျော်) မှာ ပြင်းအား ၃ ဒသမ ၇ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနက မှတ်တမ်းတင်ထားပါတယ်။
ဖေဖော်ဝါရီ ၂၀ နဲ့ ၂၁ နေ့တွေမှာတော့ ထိုင်းမြောက်ပိုင်းနေရာတချို့မှာ မိုးသက်လေပြင်းကျတာ၊ မိုးသီးကျွေတာတွေကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့သလို သီးနှံ စိုက်ခင်းတွေလည်း ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ မှ ၂၅ ရက်နေ့တွေအတွင်း ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းစတဲ့ဒေသက ခရိုင်ပေါင်း ၆၀ မှာ မိုးသက်လေပြင်းထပ်မံကျ ရောက်နိုင် တယ်လို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ကမ်ဖိုင်ဖစ်၊ တာ့ခ်၊ လွေး၊ ဘင်ကန်၊ နောင်ခိုင်၊ စကွန်းနခွန်း၊ ဥဒွန်းဌာနီ၊ နောင်ဘိုလမ်းဖူး၊ ဆရပူရီ၊ ချွန်းပူရီ၊ ကျနထပူရီနဲ့ တရတ်စတဲ့ခရိုင်တွေ ပိုမိုသတိထားရမယ်လို့ ဆိုပါတယ်။
Source: TNN / Khaosod / Dailynewsonline


