
ထိုင်းအစိုးရက သွင်းကုန်မူဝါဒကို ပြင်ဆင်ပြီးနောက် မြန်မာ့ပြောင်းဆန်ကို အခွန်ကင်းလွတ်နဲ့ တင်ပို့ခွင့်ကို ဖေဖော်ဝါရီလကနေ ဇွန်လအထိသာ ခွင့်ပြုလိုက်တာကြောင့် ပြောင်းကုန်သည်တွေ အချိန်ကန့်သတ်မှုနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အရင်ကထက် တင်ပို့ခွင့်ကာလ တိုသွားတာကြောင့် ကုန်သည်တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြောင်းတန်ချိန် အများအပြား တင်ပို့နိုင်ဖို့ ကြိုးစားနေကြပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်နဲ့ စတင်တင်ပို့နေပြီဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ သွက်လာပြီး ပြောင်းဈေးလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။
ပြောင်းကုန်သည်တယောက်က “အရောင်းအဝယ်ကတော့ နည်းနည်းသွက်လာတယ်။ ဈေးကလည်း မြင့်လာတယ်။ ဒါပေမယ့် တင်ပို့ခွင့်ကာလက ငါးလပဲ ကျန်တော့တာကြောင့် အချိန်တိုအတွင်း ပြောင်းအများအပြား တင်ပို့နိုင်ဖို့ လုပ်ရမှာပါ။ အခက်အခဲတွေတော့ ရှိပေမဲ့ အဆင်ပြေအောင် လုပ်နေကြပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ပြောင်းဆန်ဈေးကွက်မှာ တစ်ပိဿာကို ကျပ် ၁,၄၇၀ ကနေ ၁,၄၉၀ အတွင်း ရှိလာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
ပုံမှန်အားဖြင့် ပြောင်းဆန်ကို အခွန်ကင်းလွတ်နဲ့ တင်ပို့ခွင့်ကာလဟာ ဖေဖော်ဝါရီလကနေ သြဂုတ်လအထိ ဖြစ်ပြီး တလလျှင် ပျမ်းမျှ ပြောင်းတန်ချိန် ၁၁၆,၈၂၂ တန်ကနေ ၂၉၄,၂၄၃ တန်အထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့မှုတွေကို ရနောင်း–ကော့သောင်း ပင်လယ်ရေကြောင်းကနေသာ တင်ပို့နေပြီး တာချီလိတ်နယ်စပ်ဂိတ်ကနေ တင်ပို့ဖို့ဆိုရင် စိုက်ပျိုးစဉ်ကာလအတွင်း မီးရှို့ခြင်း မပြုထားတဲ့ ထုတ်လုပ်မှုဧရိယာတွေက ဖြစ်ကြောင်း ထောက်ခံချက် လက်မှတ်တင်ပြဖို့ လိုအပ်နေတဲ့အတွက် လက်ရှိအချိန်ထိ တင်ပို့နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် ပြောင်းစိုက်ဧက ၂ သန်းကျော်ရှိပြီး တနှစ်ကို ပြောင်းထွက်ရှိမှု တန်ချိန် ၃ သန်းကျော် ရှိနေပါတယ်။


