
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆင်ဖြူကျွန်းဒေသရှိ အာလူးစိုက်ဧကတွေ ၉၀ ရာခိုင်နှုန်းအထိ လျော့ကျလာပြီး ဆက်လက်လျော့ကျနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ အာလူးစိုက် တောင်သူတွေထံက သိရပါတယ်။
၂၀၂၁ စစ်တပ် အာဏာမသိမ်းခင်က စိုက်ဧက ၃,၀၀၀ အထိ ရှိခဲ့တဲ့ ဆင်ဖြူကျွန်းမြို့နယ်က အာလူးခင်းတွေဟာ စိုက်ဧက တဖြည်းဖြည်း လျော့ကျလာပြီး လက်ရှိမှာ စိုက်ဧက ၃၀၀ ခန့်သာ ကျန်ရှိတော့ပါတယ်။
စလင်းချောင်းနဲ့ ဧရာဝတီမြစ်ကြားက ဆင်ဖြူကျွန်းက စိုက်ပျိုးမြေတွေဟာ မြစ်ရေ၊ ချောင်းရေ ဝင်လေ့ရှိတာမို့ ယာခင်းတွေက မြေကောင်းပေမဲ့လည်း အာလူးစိုက်ဧကတွေ လျော့ကျလာတယ်လို့ ဒေသခံ အာလူးစိုက် တောင်သူတယောက်က ပြောပါတယ်။
“အခုကတော့ စိုက်တဲ့ပမာဏ မတရားလျော့သွားတာ။ အရင်တုန်းကဆိုရင် ကျနော်တို့ဘက်မှာ ဧက ထောင်ချီစိုက်တာ။ အခုလက်ရှိမှာဆိုရင် ဧက ၃၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ဧက ၁,၀၀၀ ဆိုတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ၁,၀၀၀။ ဟိုးလွန်ခဲ့တဲ့ ၃ နှစ်လောက်က ၁,၀၀၀။ ဟိုးရှေးနှစ်တွေဆိုရင် ဧက ၃,၀၀၀ လောက်အထိ စိုက်ခဲ့တာ၊ ဟိုးအရင်တုန်းကဆိုရင်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ဆင်ဖြူကျွန်းမြို့ အတိုင်းအတာနဲ့ တမြို့လုံးအတိုင်းအတာအနေနဲ့ကိုပဲ အာလူးက အဓိက ထုတ်ကုန်ပဲ။ တဖြည်းဖြည်း ပြောင်းလဲလာတော့ အလှမ်းဝေးသွားတာပေါ့။ မလိုက်နိုင်တော့ဘူးပေါ့၊ မီအောင်။ စိုက်စရိတ်အရင်းအနှီးနဲ့ မျိုးအခက်အခဲ အဲလိုပေါ့။ နောက်ပြီးတော့ စိုက်ပျိုးထုတ်လုပ်ရာမှာ အကျိုးမရှိတာနဲ့ အဲလိုပဲ ကိုယ်က စိုက်တဲ့ပျိုးတဲ့ ထုတ်လုပ်တဲ့ ပေါ်လာတဲ့အချိန်ကျတော့ ဈေးကွက်မရဘူး။ အဲ့မှာ တော်တော်ကို ပြတ်ကျန်နေခဲ့တာ။”
ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဒီဇယ်၊ အလုပ်သမားစရိတ်နဲ့ အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပေမဲ့ အာလူးဈေးက လုပ်သာကိုင်သာရှိလောက်အောင် ဖြစ်မလာတဲ့အခါ တဧက သိန်း ၈၀ ကနေ ၁၅၀ နီးပါး ကုန်ကျစရိတ်ရှိတဲ့ အာလူးသီးနှံကို စိုက်ပျိုးဖို့ တောင်သူတွေ မဝံ့မရဲ ဖြစ်လာကြတာ ဖြစ်ပါတယ်။
အဲဒီစရိတ်စကတွေထဲကမှ လုပ်သားစရိတ် မြင့်တက်လာပုံကို ဆင်ဖြူကျွန်းမြို့က အာလူးစိုက်တောင်သူတယောက်က ပြောပြပါတယ်။
“ထွန်သမားဆိုရင် တနက်ကို ၂၀,၀၀၀ ပေးရတယ်။ ယောကျ်ားလေးဆိုရင်တော့ အစားစားပေးရတယ်။ တနက်ကို ၅,၀၀၀ ပေးရတယ်၊ မိန်းကလေးတွေက ၄,၀၀၀ ပေးရတယ်။ ဒီနှစ်လို ခေတ်ခါမကောင်းတဲ့နှစ်၊ ဒီနှစ်လို ခေတ်ခါမကောင်းတဲ့နှစ် ဖြစ်တယ်လေ။ ဒီလို ခေတ်ခါမကောင်းတဲ့နှစ်ဆိုရင် ပိုပေးရတယ်။ တချိန်ကို ၁၀,၀၀၀ ပေးရတာရှိတယ်။ ၇,၅၀၀ ပေးရတဲ့သူလည်း ရှိတယ်။ အန္တရာယ်နဲ့ ကြုံရတဲ့အချိန်ဆိုရင် ပိုပေးရတယ်။ ဒီနှစ်က အန္တရာယ်လည်း ရှိတာဆိုတော့။ နှစ်တိုင်းကတော့ မဟုတ်ပါဘူး။ နှစ်တိုင်းကတော့ အန္တရာယ်မရှိဘူးလေ။ အေးဆေးတယ်။ ဒီနှစ်က အန္တရာယ်လည်း ကြုံတွေ့ရတယ်ဆိုတော့ မအေးဆေးဘူး၊ လုပ်ရတာ။”
စိုက်စရိတ်ကြီးတဲ့ အာလူးခင်းတွေနေရာမှာ မျိုးစရိတ်နည်းတဲ့ စားတော်ပဲ၊ ကုလားပဲ၊ ပဲယင်းနီတွေကို အစားထိုး စိုက်ပျိုးလာကြပေမဲ့ အာလူးစိုက်ဧကတွေကတော့ ဆက်လက်လျော့ကျလာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အာလူးစိုက်ပျိုးထုတ်လုပ်မှုမှာ အာလူးမျိုးရရှိဖို့က အရေးကြီးဆုံးဖြစ်ပြီး အာလူးမျိုး သိုလှောင်နိုင်တဲ့ အအေးခန်းကို ဆင်ဖြူကျွန်းမြို့မှာ ဆောက်လုပ်ထားပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာ ၂၂ ရက်ညက စတင်ဖြစ်ပွားခဲ့တဲ့ ဆင်ဖြူကျွန်းတိုက်ပွဲအတွင်း ၇၅ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့ပါတယ်။
ဒေသခံ အာလူးတောင်သူတွေ သိန်းပေါင်းထောင်ချီ ရင်းနှီးမြှုပ်နှံထားတဲ့ အာလူးမျိုးသိုလှောင်တဲ့ အအေးခန်းကြီးဟာ အဲဒီထဲမှာ သိမ်းဆည်းထားတဲ့ အာလူးမျိုးတွေကို ၂၀၂၄ ဆောင်းရာသီနဲ့ ၂၀၂၅ ဆောင်းရာသီ၊ ၂ ရာသီအတွက်သာ အသုံးပြုလိုက်ရပြီး ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒေသတွင်း အာလူးမျိုး လိုအပ်ချက်ဟာ ခက်ခဲလာမှာဖြစ်သလို တိုက်ပွဲတွေကြား အရင်းအနှီးကြီးမားတဲ့ အာလူးခင်းတွေကို ရာသီချိန်တိုင်းမှာ စိုက်ပျိုးထုတ်လုပ်ဖို့က တောင်သူတွေအဖို့ စဥ်းစားစရာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဒေသခံတောင်သူတွေဟာ အရင်းနှီးနည်းတဲ့ ပဲစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့စိုက်ပျိုးလာကြပြီး အာလူးစိုက်ပျိုးမှုကတော့ ဆက်လက်လျော့ကျလာမှာ ဖြစ်ပါတယ်။
အာလူးကနေ ပဲမျိုးစုံ ပြောင်းလဲစိုက်ပျိုးလာသူ တောင်သူတယောက်က “အာလူးမျိုးဈေးတွေကလည်း တပိဿာ ၈,၀၀၀၊ ၇,၅၀၀ ဝယ်ရတယ်။ ပိုက်ဆံချေးဖို့၊ ငှားဖို့ကျတော့လည်း မလွယ်ဘူးလေ။ ကိုယ့်အရင်းအနှီးနဲ့ကိုယ် လုပ်နိုင်တဲ့လူလောက်ပဲ အများဆုံး လုပ်ကြတာ။ အခုက ပဲရွေးများတယ်။ စားတော်တို့ ကုလားပဲတို့၊ စားတော်များကြတယ်။ ကုလားပဲ။ တချို့တောင်သူကျတော့လည်း မစိုက်နိုင်ကြဘူး။ အာလူးမျိုးဈေးနဲ့ ဆီဖိုးနဲ့ အလုပ်သမားခနဲ့ အဲလိုလေးတွေရှိတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ရေးတင်းမာတဲ့ ဆင်ဖြူကျွန်းဒေသဟာ လက်လုပ်လက်စား ယာသမားတွေ အတွက် စားဝတ်နေရေး ပိုခက်ခဲလာစေမှာ ဖြစ်ပါတယ်။
ဆောင်းအာလူးပြီးရင် နွေသီးနှံ ထပ်စိုက်ကြလေ့ရှိပေမဲ့ တိုက်ပွဲအခြေအနေတွေကြောင့် အရင်ကလည်း အကျိုးအမြတ် သိပ်မရကြတဲ့ နွေတသီးကိုတော့ မစိုက်ပျိုးတော့ဘဲ လွှတ်လိုက်ကြမဲ့ အခြေအနေမှာ ရှိနေပါတယ်။
တောင်သူမှာ နွေတသီးကို လွှတ်ရပေမဲ့ လယ်ယာလုပ်သားအဖို့ကတော့ ပိုပြီး ကျပ်တည်းလာကြမှာ ဖြစ်ပါတယ်။
“စားဝတ်နေရေးတွေကတော့ သိပ်ပြီးတော့ အလုပ်ရှိတဲ့အခါကျ အဆင်ပြေတာပေါ့။ မရှိတဲ့အခါကျ မပြေဘူးပေါ့။ အရင်ရက်ကဆို ပြေးဟာလွှားဟာနဲ့ စားစရာ သောက်စရာတောင် သိပ်အဆင်မပြေဘူး။ အခုကတော့ နည်းနည်း အေးသွားပါပြီ။ ဒါမဲ့ လေယာဉ်ကတော့ တချက်တချက် လာတာပေါ့။ တခါတခါတော့ ဒီလာလာပြီး ပစ်ကြခတ်ကြတာတော့ ရှိတာပေါ့။ အဲဒါမျိုးလေးတွေ တချက်တချက်တော့ ရှိတာပေါ့။ အမေကြီးတို့ ဆင်းရမှာဆိုရင် နောက်ထပ် လေးငါးဆယ်ရက်လောက် ဆင်းရမှာပေါ့။ အဲဒါပဲရှိတယ်။ အခင်းတွေက ဒီနှစ်က နွေသီးတွေက မစိုက်လောက်ဘူးနဲ့တူတယ်။ မစိုက်ဘူးဆိုရင်တော့ အဆင်သိပ်မပြေဘူးပေါ့။ ဒီလိုပါပဲ။ အလုပ်ရှိတော့ ပြေတာပေါ့။ အမေကြီးတို့ကတော့ အလုပ်ရှိပါစေ ဆုတောင်းရတာပေါ့။ ကျန်တာကတော့ ဒီလောက်ကြီးမဟုတ်ဘူးပေါ့။”
ဒီနှစ်မှာတော့ လာနီညာ ရာသီဥတုကြောင့် အာလူးပင်ကြိုက်တဲ့ အအေးဓာတ်ကို ရရှိခဲ့တာကြောင့် ထူးထူးခြားခြား ပိုးမွှားရောဂါ ပြဿနာ မရှိခဲ့သလို အထွက်နှုန်းတွေနဲ့ အရည်အသွေးတွေလည်း ကောင်းမွန်ခဲ့ကြပါတယ်။
အာလူးတဧကကို ပျမ်းမျှ ပိဿာချိန် ၄,၅၀၀ လောက် ထွက်ရှိခဲ့ကြပြီး အာလူးဈေးကလည်း တောထုတ်သောင်းပြောင်း တပိဿာကို ကျပ် ၄,၅၀၀ ပေါက်ဈေးရှိခဲ့ပြီး တောင်သူမျှော်လင့်တဲ့ဈေး မဟုတ်ပေမဲ့ သိပ်အဆိုးကြီး မဟုတ်ဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဆင်ဖြူကျွန်းဒေသထွက် အာလူးကားတွေ ဖြတ်သန်းရာမှာလည်း ကျပ်တသိန်းအထိ ပေးဆောင်ခိုင်းတာတွေ၊ တိုက်ပွဲအခြေအနေတွေကြောင့် အာလူးတင်မဲ့ ကုန်ကားတွေ မလာရဲတာတွေကြောင့်လည်း ဈေးကွက်၊ ဈေးနှုန်း အမီပို့ဆောင်ဖို့ အခက်အခဲဖြစ်နေပါတယ်။
ဟန်န


