
မကွေးတိုင်းထဲက ၆ မြို့နယ်မှာရှိတဲ့ စစ်စခန်းတွေကို တိုက်ခိုက်နေပြီး အခုအခါ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တို့ကို တော်လှန်ရေးအင်အားစုတွေက ဝန်းရံပိတ်ဆို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း စစ်ရေးအခြေအနေကို သတင်းထုတ်ပြန်တာဖြစ်ပြီး မကွေးတိုင်းက စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ် အပါအဝင် မြို့နယ် ၆ မြို့နယ်က စစ်စခန်းတွေကို ဒီဇင်ဘာ ၂၃ ရက်မနက် ကစလို့ မကွေးတိုင်းစစ်ဌာနရဲ့ ဦးစီးကွပ်ကဲမှုနဲ့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထိုးစစ်အတွင်း အဲဒီမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ လေယာဉ်ဗုံးတွေထုတ်လုပ်တဲ့ ဆိပ်ဖြူမြို့နယ်ထဲက ကပစ ၂၁၊ ကပစ ၂၂၊ လက်နက်ကြီး ကျည်ဆန်တွေထုတ်လုပ်တဲ့ ပေါက်မြို့နယ်က ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်ပေါင်း ၁၀၀ ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။


