
မကွေးတိုင်း၊ စလင်းမြို့ အထက ၁ ကျောင်းက အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသူနဲ့ မိသားစုဝင်တွေကို ငွေနဲ့ ကျေအေးပေးဖို့နဲ့ လက်ရှိနေရပ်ကနေ ထွက်သွားဖို့ ဖိအားပေးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းဘူးခရိုင်၊ စလင်းမြို့က အထက ၁ Grade 10 ကျောင်းသူတယောက်ကို Grade 12 ကျောင်းသားတယောက်နဲ့ သူငယ်ချင်း ၃ ယောက်တို့က အဓမ္မပြုကျင့်ပြီး ဗီဒီယိုရိုက်ကာ လူမှုကွန်ရက်မှာ ဖြန့်ခဲ့တယ်ဆိုတဲ့ သတင်းက မှန်ကန်ကြောင်းနဲ့ ကျူးလွန်သူတွေဘက်က ငွေနဲ့ ကျေအေးဖို့ လာရောက်ညှိနှိုင်းနေကြောင်း ဒေသခံတွေက အတည်ပြုပါတယ်။
ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့သူ လူငယ် ၄ ယောက်ဘက်က သိန်း ၇၀၀ နဲ့ ကျေအေးဖို့ ညှိနှိုင်းနေပြီး ကျူးလွန်ခံရတဲ့ ကျောင်းသူနဲ့ မိဘတွေကိုတော့ ငွေယူပြီး လက်ရှိနေထိုင်ရာ ခြင်္သေ့ဦးရွာကနေ ပြောင်းရွှေ့သွားဖို့ ဖိအားပေးခံနေရတယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ စလင်းဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဖြစ်စဉ်က ဟုတ်တယ်။ ဒါပေမဲ့ သူတို့ အကောင်ကြီးသားသမီးတွေ ပါနေလို့ အုပ်ထားတာ။ ငွေနဲ့ညှိတာတဲ့။ ကောင်မလေးကတော့ ခရိုင်ဆေးရုံမှာ၊ ကောင်လေးတွေကလည်း ခရိုင်က စစ်တုန်း၊ လောလောဆယ် သိန်း ၇၀၀ နဲ့ ညှိတုန်းပေါ့။ သိန်း ၇၀၀ နဲ့ ညှိတာ သိန်း ၇၀၀ လည်း မရပါဘူးတဲ့၊ သိန်း ၃၀၀ လောက်ပဲရတယ်၊ သိန်း ၄၀၀ က ပေးရကမ်းရတာနဲ့ဆိုပြီး သတင်းက ထွက်နေတာ။ အစကတော့ ကောင်မလေးမိဘတွေနဲ့ လက်မခံဘူးဆိုတဲ့ အနေအထားရှိတယ်။ ဘယ်လိုဖိအားတွေ ဝိတ်တွေနဲ့ ညှိလိုက်တဲ့အခါတော့ ဒါကိုပဲ ယူပြီးတော့ နယ်ပြောင်းသွားမယ့် အနေအထားတော့ ရှိတယ်၊ ကလေးရှေ့ရေးအတွက်ပေါ့လေ။ အပြစ်ကျူးလွန်တဲ့ ကျောင်းသားလေးတွေဘက်က ဦးလေးကျောင်းဆရာက ဝင်ညှိနေတာ။”
ဒီသတင်းတွေဟာ မမှန်ကန်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေက ပြန်လည်ငြင်းဆိုနေကြပြီး ကျူးလွန်ခံရသူ ကျောင်းသူလေးဟာ ထီးကြီးဘုရားမှာ အရက်သေစာ သောက်စားမူးယစ်နေချိန် ဗီဒီယိုရိုက်ခံထားရတာဖြစ်ကြောင်း တုံ့ပြန် ရေးသားနေကြပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အဓမ္မပြုကျင့်ခံရတာ မဟုတ်မမှန်ကြောင်း ငြင်းဆိုပြီး နှစ်ဖက် ညှိနှိုင်းဖြေရှင်းပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။
“မမှန်သတင်းတွေပါ၊ မဟုတ်ပါဘူးဗျ၊ ကျောင်းမှာ ညှိနှိုင်းဖြေရှင်းလိုက်တာ ပြီးသွားပါတယ်၊ သူ့ဟာသူ။ အဲဒီဖြစ်စဉ် မဟုတ်ပါဘူး။ လိုင်းပေါ်မှာ ရေးထားတာတွေ မဟုတ်ပါဘူး။ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကာယကံရှင်တွေကို သွားမေးကြည့်လို့ရပါတယ်။ ပြီးတာ မပြီးတာတော့ ကျနော် သေသေချာချာမသိဘူး။ အမှုမဖွင့်ဘူး၊ ဘာမှမဟုတ်ဘူး၊ သူတို့ဘာသူတို့ ကျောင်းတက်နေကြပြီ။”
တရားဥပဒေအရ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရင် တရားရေးလမ်းကြောင်းအရ မှန်မှန်ကန်ကန် စစ်ဆေး အရေးယူရမှာဖြစ်ပေမဲ့ လက်ရှိဖြစ်စဉ်မှာ အာဏာအလွဲသုံးစားကာ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ဥပဒေကြောင်းအရ တရားမျှတမှု ရနိုင်မှာမဟုတ်ကြောင်း တရားလွှတ်တော် ရှေ့နေတယောက်က မှတ်ချက်ပြုပါတယ်။
“ကျူးလွန်တဲ့သူ အကုန်လုံးသည် အသက်မပြည့်ဘူး၊ အသက် ၁၈ အောက် ဖြစ်တယ်ဆိုရင် ကလေးသူငယ်ဥပဒေအတိုင်း ဆက်ပြီးသွားမယ်။ အဲဒါကြောင့် သူသည် ၃၇၆ နဲ့လည်း ဖြစ်နိုင်တယ်၊ နောက် ရာဇသတ်ကြီးပါ ပုဒ်မတွေနဲ့လည်း ငြိစွန်းနိုင်တယ်။ ဒါဆို ငြိစွန်းတဲ့ ပုဒ်မတခုခုနဲ့ တရားစွဲခံရနိုင်တယ်။ နောက် လူမှုကွန်ရက်ပေါ်မှာတင်တာ ဖြစ်တဲ့အတွက်ကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မထဲက သူတို့ကျူးလွန်တဲ့ ပုဒ်မတခုခုပေါ် မူတည်ပြီး တရားစွဲခံရမယ်။ ကျူးလွန်ခံရတဲ့သူသည် သာမန်လူတန်းစား ဖြစ်နေတယ် ဒီတော့ အာဏာရှိတဲ့သူ အာဏာနဲ့ဖိတယ်၊ ငွေကြေးနဲ့ ထပ်ပြီး ကာဗာလုပ်တယ်၊ အကာအကွယ်ယူတယ်။ ဒါပေမဲ့ တဖက်က ဥပဒေအတိုင်း ဆက်ပြီး သွားချင်တယ်ဆိုရင် ဒီကလေးမိဘတွေရော ကလေးရော အခုလိုခေတ်ထဲမှာ အာဏာလက်တလုံးခြား လုပ်နေတာကြောင့် ဘယ်လိုနည်းနဲ့မှ ဥပဒေအတိုင်းက ဖြစ်မှာမဟုတ်ဘူး။”
ကျူးလွန်ခံရသူ အသက် ၁၅ နှစ်အရွယ် Grade 10 ကျောင်းသူနဲ့ ကျူးလွန်မှုကို ဦးဆောင်သူလို့ ယူဆရတဲ့ Grade 12 ကျောင်းသားတို့ဟာ ချစ်သူရည်စားတွေ ဖြစ်ကြပြီး ကျောင်းသားက သူရဲ့မွေးနေ့ပွဲကို လာရောက်ဖို့ စလင်းမြို့က ထီးကြီးဘုရားကို ချိန်းပြီး အခုလိုဖြစ်စဉ်တွေ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဝေဝေ


