
M-Brother စက်ရုံအတွင်း အထည်လိတ်တွေမှာ စွဲလောင်နေတဲ့ မီးအကြွင်းကျန်တွေကို ဖေဖော်ဝါရီ ၁၉ ရက်မွန်းလွဲပိုင်းအထိ ငြှိမ်းသတ်ခဲ့ရတယ်လို့ ရွှေပြည်သာစက်မူဇုန်၊ ကနောင်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မူဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က မီးလောင်ခဲ့တာဖြစ်ပြီး ညလုံးပေါက် မီးငြှိမ်းသတ်ခဲ့ရသလို နောက်တနေ့ နေ့လယ်ပိုင်းအထိ မီးအကြွင်းကျန်တွေကို အပြီးသတ် ရှင်းလင်းငြိမ်းသတ်ခဲ့ရတာလို့ ဆိုပါတယ်။
စက်မူဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတယောက်က "ပိတ်စလိတ်တွေက လောင်စာဖြစ်သွားလို့ မီးအားပြင်းပြီး ဆုံးရူံးမှုများသွားတာ။ မီးလောင်ရတဲ့ အကြောင်းအရင်းကို မီးသတ်ဌာနက စစ်ဆေးနေတုန်းပဲ။ လူသေဆုံးမူရှိတယ်ဆိုတာ အတည်ပြုလို့မရဘူး” လို့ ပြောပါတယ်။
M-Brother အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါး နဲ့ လည်ပတ်နေတာဖြစ်ပြီး မီးလောင်မှုကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနဲ့အတူ စားဝတ်နေရေးအခက်အခဲအတွက် စိုးရိမ်ပူပန်နေကြလို့ အဲဒီစက်ရုံအလုပ်သမားအချို့က ဆိုပါတယ်။
မီးလောင်ကျွမ်းမှုပြင်းပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တာကြောင့် စက်ရုံကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အချိန်ယူရမဲ့အနေအထားမှာ ရှိနေတယ်လို့ M-Brother စက်ရုံလုပ်သားတယောက်က ပြောပါတယ်။
"ပြန်ဖွင့်တဲ့အထိလည်း စောင့်နေလို့မရဘူး။ နောက်အလုပ်မရခင်စပ်ကြားမှာ ဘယ်လိုနေရမလဲ ဆိုတာပဲ တွေးရင်း စိတ်ညစ်နေရတယ်။ အဆောင်ခပေးရမှာနဲ့ စားစရိတ်နဲ့ ကုန်မှာတွေက တသီကြီးလေ။ စက်ရုံဘက်က ဘယ်လိုစီစဥ်ပေးမလဲ မသိသေးဘူး။”
အခုလို စက်ရုံမီးလောင်မူကြောင့် အလုပ်အကိုင် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာအလုပ်ရှင်အဖွဲ့တွေက ယာယီကုစားနိုင်အောင် ထောက်ပံ့ငွေပေးတာ၊ အလုပ်အကိုင် ဖန်တီးပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ ပြည်တွင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
"စက်ရုံက အာမခံထားထားတာရှိရင် ကိစ္စမရှိဘူး။ အလုပ်သမားတွေက ပိုဒုက္ခရောက်မှာ။ လူမှုဖူလုံရေးအဖွဲ့ဆီက ထောက်ပံ့ငွေ အနည်းအကျဉ်းလောက်ရမယ်လို့ထင်တယ်။ ဒါက နောက်အလုပ်မရခင်နဲ့ အလုပ်ကလစာထုတ်တဲ့အထိ တောင့်ခံနိုင်ဖို့တော့ လွယ်မှာမဟုတ်ဘူး။”
လက်ရှိမှာ M-Brother အထည်ချုပ်စက်ရုံမီးလောင်မှုဖြစ်စဥ်ကို စစ်ကောင်စီက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီး စက်ရုံတွေအတွက် မီးဘေးကာကွယ်ရေး အစီအမံတွေချမှတ်ဖို့ စီစဥ်နေတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန သတင်းအရင်းမြစ်ဆီက သိရပါတယ်။


