Home
မြန်မာသတင်း
ခရီးသွားလာရောက်မှု နည်းသဖြင့် ပုဂံဒေသခံများ အလုပ်အကိုင်ရှားပါးလာ
DVB
·
September 23, 2025

ရှေးဟောင်းကမ္ဘာယဉ်ကျေးမှု အမွေအနှစ်ဇုန်ဖြစ်တဲ့ ပုဂံဒေသကို ဧည့်သည်အဝင် နည်းပါးတဲ့အတွက် ခရီးသွားလုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်နေရတဲ့ ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်လာနေပြီး တနိုင်တပိုင် လုပ်ငန်းတွေလည်း ရပ်ဆိုင်းလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ဖြစ်တဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် ဒေသခံတွေ အလုပ်လက်မဲ့ဖြစ်လာပြီး တနိုင်တပိုင် လုပ်ငန်းတွေလည်း ရပ်ဆိုင်းလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေဒေသ အေးချမ်းမှုမရှိတဲ့အတွက် ပြည်ပဧည့်သည် မဝင်တော့သလို ပြည်တွင်းဧည့်သည်တွေကလည်း အခါကြီးရက်ကြီးတွေမှသာ လာရောက်ကြတယ်လို့ ဆိုပါတယ်။

ပုဂံဒေသကို ဧည့်သည်အဝင် မရှိတော့တဲ့အတွက် ဒေသခံတွေရဲ့ တနိုင်တပိုင်ဖြစ်တဲ့ လက်ဆေးခြယ်တာ၊ သဲပန်းချီရေးဆွဲတာနဲ့ ယွန်းထည်လုပ်ငန်းတွေ အပါအဝင် တနိုင်တပိုင် လုပ်ငန်းတွေလည်း ရပ်ဆိုင်းလာပြီး စာဝတ်နေရေး အခက်အခဲတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ပုဂံဒေသကို ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၃ ဒသမ ၄ သန်းကျော် လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် စုစုပေါင်း ၄၈၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ခရီးသွားဧည့်သည် ၅၁၀,၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) ကနေ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ပုဂံဟာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်ပြေခဲ့ပေမဲ့ လက်ရှိမှာ ယွန်းထည်လုပ်ငန်းတွေ ပိတ်ထားတဲ့အတွက် တခြားအလုပ်တွေ ပြောင်းလုပ်နေရတယ်လို့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။

လက်ရှိအချိန် ပုဂံဒေသကို သွားရောက်လည်ပတ်မယ်ဆိုရင် လမ်းမှာ စစ်တပ်ဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်ရပြီး ည ၇ နာရီ နောက်ပိုင်းမှာလည်း ဒေသခံတွေကအစ အပြင်ကို မထွက်ကြတော့ဘူးလို့ သိရပါတယ်။

ပုဂံဟာ များပြားလှတဲ့ ရှေးဟောင်းလက်ရာ စေတီပုထိုးတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာနေရာအဖြစ် ကျော်ကြားပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တခုလုံးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013