တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ နေရပ်ပြန်လည်နေထိုင်နေသူတွေနဲ့ ပြန်စည်ကားစပြုနေပြီ ဖြစ်ပေမဲ့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရှားပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ဟာ မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိပြီး အခုနှစ်ဆန်းပိုင်းက TNLA က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတာပါ။
စစ်မဖြစ်ခင်က ကွတ်ခိုင်မှာ အလုပ်အကိုင်တွေ အတန်အသင့် ကောင်းခဲ့ပေမဲ့ လက်ရှိမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အခုနှစ် ဩဂုတ်လဆန်းပိုင်းက ကွတ်ခိုင်မြို့ မြို့မဈေးနဲ့ မြို့ပေါ်နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ယောက် သေဆုံးပြီး ဆိုင်ခန်း ၄၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ အဲဒီနောက် လေကြောင်းတိုက်ခိုက်မှု ရပ်နေခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာတော့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ TNLA တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ပါသေးတယ်။
ဒီလပိုင်းအတွင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ပေမဲ့လည်း လေကြောင်းရန်ကိုတော့ စိုးရိမ်နေဆဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကွတ်ခိုင်မြို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ၁ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
အဲထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၂၄ မြို့နယ်ကို ညီနောင်မဟာမိတ်တပ်တွေက ထိန်းချုပ်ထားပါတယ်။
ခွန်ဇော်ဦး