
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို ဝန်ထမ်းဟောင်းတွေက တိုင်ကြားထားတဲ့အမှုနဲ့ပတ်သက်ပြီး သက်သေ အထောက်အထားတွေကို ပြည်သူကို တင်ပြပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ တိုင်ကြားသူတွေက ထုတ်ပြန်ပါတယ်။
ဒေါ်ကြည်ပြာကို ဝန်ထမ်းတွေအပေါ် ချိုချိုသာသာ မပြောတဲ့ အမှုအတွက်ပဲ ပြင်းထန်စွာ သတိပေးကြောင်း NUG က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကို တိုင်ကြားသူတွေဆီကိုလည်း ပေးပို့ထားပြီး တိုင်ကြားသူတွေဘက်ကတော့ အပေါ်ယံဆန်ပြီး တိုင်ကြားတဲ့ အကြောင်းအရာတွေ၊ အမှန်တရားနဲ့ အဖြစ်အပျက်တွေကို မထင်ဟပ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
တိုင်ကြားချက်တွေထဲမှာ အဂတိလိုက်စားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံးတာ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တာ၊ စီမံခန့်ခွဲမှုညံ့တာ၊ ရုံးမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ စတဲ့ စွဲချက်တွေပါပေမဲ့ NUG ရဲ့ ထုတ်ပြန်ချက်မှာတော့ အဂတိလိုက်စားမှု မရှိဘူးလို့ တွေ့ရှိကြောင်းသာ ပါရှိပြီး ကျန်တဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ ပြန်ဖြေရှင်းထားတာ မပါရှိပါဘူး။


