
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ရပ်ကွက်မှာ လူငယ်စုံတွဲတတွဲဆီကနေ ဆိုင်ကယ်ကို ရဲအယောင်ဆောင်ပြီး လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၉ နာရီဝန်းကျင်လောက်က ကလွင်ရပ်ကွက်ထဲမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်စုံတွဲတတွဲကို အသက် ၃၀ အရွယ် အမျိုးသား ၃ ယောက်က ရဲဟန်ဆောင်ပြီး တားဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အနောက်ကနေ လူ ၃ ယောက် ဆိုင်ကယ် ၂ စီးနဲ့ လိုက်လာပြီး လှမ်းတားတာပါ။ သူတို့က ရဲတွေမို့လို့ တာဝန်အရ စစ်ဆေးစရာရှိတယ်၊ ပေါ်တော်မူနားက စခန်းကို ခေါ်တယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာတင် ဆိုင်ကယ်ကိုယူပြီး မောင်းပြေးသွားတာပါ” လို့ ပြောပါတယ်။
လုယက်သူတွေက ဆိုင်ကယ်ကို မောင်းထွက်ဖို့ ပြင်ဆင်နေချိန်မှာ ကာယကံရှင်လူငယ်က ဆိုင်ကယ်လုမှန်း သိသွားတာကြောင့် ပြန်လည်ခုခံခဲ့ပေမဲ့ ကျန်တဲ့ အပေါင်းအပါ ၂ ယောက်က ဓားတွေနဲ့ ပြန်လှည့်လာတာကြောင့် အသက်ဘေးကလွတ်အောင် အတင်းထွက်ပြေးခဲ့ရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လတ်တလော မြိတ်မြို့၊ ကလွင်ရပ်ကွက်ထဲမှာ အခုလို ရဲအယောင်ဆောင်ပြီး လုယက်တဲ့ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ ညဘက်သွားလာတဲ့အခါမှာ အထူးဂရုစိုက်သွားလာကြဖို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။


